Monday, September 29, 2008

သံလွင်ရေကာတာစီမံကိန်း ဇီဝမျိုးစိတ် (၄၀၀) ခန့်ကို အန္တရာယ်ပြုနေ


သံလွင်ရေကာတာစီမံကိန်းသည် ကရင်ပြည်နယ်အတွင်းရှိ အပင်နှင့်သတ္တ၀ါ ဇီဝမျိုးစိတ်ပေါင်း (၄၀၀) နီးပါးကို ခြိမ်းခြောက်အန္တရာယ်ပြုနေကြောင်း ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးအဖွဲ့ (KESAN)၏ အစီရင်ခံစာ၌ ဖော်ပြသည်။

သံလွင်မြစ်ကိုဖြတ်၍ ရေအားလျှပ်စစ်ထုတ်ယူမည့် ၀ဲကြီးရေကာတာ တည်ဆောက်ရေး စီမံကိန်းအနီးရှိ ကရင်ပြည်နယ် ခိုးကေးဒေသ၌ ကရင်သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ချင်းမိုင်တက္ကသိုလ်မှ ကျွမ်းကျင် သူပညာရှင်များ၏ အကူအညီဖြင့် (၃) လ ကြာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် “ခိုးကေး ဒေသမှ ဇီဝမျိုးစိတ်များ အန္တရာယ်ကျ ရောက်နေပြီ” အမည်ရှိ အစီရင်ခံစာကို ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရေကာတာ တည်ဆောက်မှုကြောင့် အမွေးရှည်လင်းနို့နှင့် အခွံပျော့လိပ်မျိုးများကဲ့သို့ ကမ္ဘာတွင် မျိုးတုံးတော့မည့် ဇီဝမျိုးစိတ် (၄၂) မျိုး အပါအ၀င် သတ္တ၀ါ မျိုးစိတ်ပေါင်း(၂၀၀)၊ အပင်မျိုးစိတ်ပေါင်း (၁၉၄) မျိုး စုစုပေါင်း (၃၉၄) မျိုးတို့ ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အစီရင်ခံစာပြုစုသည့် ကရင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှ ကိုရွှေက “သံလွင်မြစ်ဟာ ဇီဝမျိုးပေါင်းတွေ တော်တော်ကြွယ်ဝတဲ့ နေရာဖြစ်တယ်။ သုတေသန တွေ့ရှိချက်အရ တချို့ ငါးတော်တော်များများဟာ လုံးဝ သံလွင်မြစ် ထဲမှာပဲတွေ့ရတယ်။ တခြား ဘယ်မှာမှ ရှာလို့မရဘူး။ တချို့ အကောင်တွေဟာ ကမ္ဘာ့ မျိုးတုံးခါနီး သတ္တ၀ါတွေထဲမှာ ပါတယ်။ အဲဒီနေရာမှာ ရေကာတာ ဆောက်လိုက်မယ်ဆိုရင် သစ်တောတွေနဲ့တကွ အဲဒီနေရာက ဒေသခံပြည်သူလူထုတွေ တချိန်လုံး အသက် မွေးဝမ်းကြောင်း နေရာတွေ အကုန်လုံး ပျက်စီးသွားပြီးတော့ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ပျက်စီးဆုံးရှုံး သွားမှာဖြစ်တယ်” ဟုပြောသည်။

ဇီဝမျိုးပေါင်း ကြွယ်ဝလှသည့် သံလွင်မြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ရေကာတာစီမံကိန်း ရပ်တန့်သွားစေရန်အတွက် စစ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်နေသည့် ထိုင်းနှင့် တရုတ် အစိုးရတို့အား နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်ဝန်းဖိအား ပေးလာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင် သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ပြောသည်။

နအဖစစ်အစိုးရသည် ရေအားလျှပ်စစ်ထုတ်ယူရန်အတွက် သံလွင်မြစ်ပေါ်၌ ရေကာတာစီမံကိန်း (၅) ခု တည်ဆောက်ရန် စီစဉ်နေပြီး ကရင်ပြည်နယ် ခိုးကေးဒေသ၌ တည်ဆောက်မည့် ၀ဲကြီး ရေကာတာ စီမံကိန်းသည် ရှမ်းပြည်နယ်၌ တည်ဆောက်မည့် တာဆန်း ရေအားလျှပ်စစ် စီမံကိန်းပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သည်။

By NEJ
Wednesday, September 24, 2008

KNU Statement on Recent SPDC Allegation regarding Explosion in Pegu Division

1. Recently, the State Peace and Development Council (SPDC) has attempted to blame the Karen National Union (KNU) for an explosion that took place in a video lounge in Kyaukkyi town, killing two people and injuring nine others, on the 11th September 2008.

2. We, the KNU, categorically deny involvement either in this or any other attacks against the Burmese people and reject all allegations by the SPDC against us. We do not condone the use of violence against the civilian population and remain steadfast in seeking a peaceful solution to the current political problems that have been plaguing the country.

3. Once again, the military regime is trying to hide its own failure to solve the political, economic and social problems of the country by trying to implicate the ethnic and political opposition forces in acts of terror.

4. We, the KNU, once again would like to urge the SPDC regime to concentrate its energies on solving the problems of the country and to enter into a meaningful tripartite dialogue with all the parties concerned. Only then can true peace and stability be brought to the country.


Central Executive Committee
Karen National Union
Monday, September 22, 2008

မိစ္ဆာရေးတဲ့ ပန်းချီ


ပုံပြင်လို့  ပြောရလောက်အောင်လည်း--
သွေးညှီနံတွေမှ မပျောက်သေးတာပဲ-
ကျွှန်းပင်ငုတ်ကြီးရဲ့ အပူငွေ့ တွေကလည်း
လေထဲမှာ ဝေ့၀ဲနေတုန်းပဲလေ--

စကားတခွန်းသာ ဆိုခဲ့ရှာတယ်--
-တောင်ယာတွေနဲ့ ဘ၀ကို ရင်းနှီးကြီးပြင်းသူတွေကိုမှ
သူပုန်လို့ မှတ် သတ်ဖြတ်ကြတာ
ဝဋ်ကြွေးရှိခဲ့လို့  သာပေါ့ကွယ်--

ရာသီစက်ဝန်းထဲမှာ
မှိုတိုး၊ မြစ်ရှာ
ဂဏန်းရိုက်၊ ဖားရိုက်
ရှည့်လိုက်၊ နွားကျောင်း
မောင်းထောင်း၊ ဆန်ပြာ
နေ၀င်မိုးချုပ်
ရိုးကုတ်စွာနဲ့  ဘ၀ကို ဆင်သရှာတဲ့ ရွာကလေး
အခုတော့---
ပြာပုံတွေ ဖွေးလို့ --

ဒီတောဒီတောင် ဒီချောင်းနဲ့ 
ဒီရွာလေးမှာပဲ မွေးတယ်။
ဒီမြေထဲမှာပဲ သေချင်တယ်ဆိုတဲ့
သူတို့ တတွေ ဘယ်လိုစားဘယ်လိုနေ ဘယ်လိုများ-----

ဒီနေရာလေးမှာပဲ
သူတို့ တတွေ ကောက်သစ်စားပွဲ ကျင်းပခဲ့ကြ၊
မှတ်မှတ်ရရ သင်တိုင်းဖြူမရဲ့
သန့် ရှင်းတဲ့ အပြုံးတစ
ငါရခဲ့တာလည်း----

နှလုံးသား
နားနဲ့ မျက်စိ ရှိတဲ့ဘဝ
ငါမရချင်ပါ
အိုး---ဘုရားသခင်
ကျောက်ဖြစ်ရုပ်ကြွင်း
ငါ့အား ဖန်ဆင်းတော်မူလည့်ပါ၊
ို
ခိုင်မာကျော်ဇော

သူနူးထူးဂျာနယ် အမှတ် ၁ အတွဲ ၄မှ ကဗျာဆရာမကြီးနော်ခိုင်မာကျော်ဇောရဲ့ ကဗျာကို ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။
Friday, September 19, 2008

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဌာနချုပ်မှ တပ်မှူးများနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆွေးနွေးခန်း


ပဒိုအောင်မော်အေး
ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဌာနချုပ်မှ တပ်မှူးအချို့နှင့်အုပ်ချုပ်ရေးခေါင်းဆောင်အချို့  ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ မကြာခင်က တပ်မဟာ (၇) ဌာနချုပ်မှာ ဒူးတိုက်ဆွေးနွေးခွင့်ရခဲ့သည်။ အဆိုပါ ဆွေးနွေးဝိုင်းတွင် ဘားအံခရိုင် ကေအန်ယူအတွင်းရေးမှူး ပဒိုအောင်မော်အေးက ဦးစိန်ကျော်လှိုင်နဲ့  အခုလိုဆွေးနွေးသွားပါတယ်။

မေး။ ။ ပထမဆုံးအနေနဲ့ ဘားအံခရိုင်အတွင်းရေးမှူး ကေအန်ယူ ပဒိုအောင်မော်အေးကို ကျနော် မေးပါရစေ။ ကျနော်တို့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဗမာ့နိုင်ငံရေးအခြေအနေ၊ နောက်တခါ ကျနော်တို့ ကေအန်ယူ လုပ်ကိုင်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အကြမ်းဖျင်းပေါ့လေ ဒီမြန်မာ နိုင်ငံထဲက ပြည်သူတွေ၊ တိုင်းရင်းသားတွေသိအောင် ဘာများ ပြောချင်လဲခင်ဗျ။
ဖဒိုအောင်မော်အေး။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကတော့ ဥပမာဆိုရင် ကျနော်တို့ တယောက်နဲ့တယောက် မေတ္တာတရားထားကြပြီးတော့ မပြေလည်တဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းသွားမယ်ဆိုရင် ပြေလည်တာကြာပြီ။ သို့သော်လည်းပဲ အုပ်စိုးသူ စစ်အစိုးရအနေနဲ့က ငြိမ်းချမ်းစွာ ပြေလည်သင့်တဲ့အရာတခုက ငြိမ်းချမ်းစွာ မဖြေရှင်းဘဲနဲ့ လက်နက်အားကိုးပြီး ဖြေရှင်းတဲ့အပေါ်မှာ ကျနော်တို့ ကရင်အမျိုးသားနိုင်ငံရေး ပြဿနာပဲ ဖြစ်ဖြစ်၊ လူမျိုးစု နိုင်ငံရေးပြဿနာပဲဖြစ်ဖြစ် မပြေလည်သွားဘူးပေါ့။

မပြေလည်တဲ့အပေါ်မှာ ကျနော်တို့ဟာလည်းပဲ ဒီအုပ်စိုးသူ စစ်အစိုးရက အုပ်စိုးသူလူတန်းစား အနေနဲ့ ခံယူပြီး ဒီလူနည်းစုတွေအပေါ်မှာ အုပ်စိုးခံလူတန်းစားအနေနဲ့ သွားတဲ့အခါကျတော့ ဒီမြန်မာ့နိုင်ငံရေးဟာ လွယ်လွယ်နဲ့ မပြေလည်သွားဘူးပေါ့။ ကျနော်တို့အနေနဲ့ကတော့ ပြေပြေ လည်လည်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်၊ စားပွဲပေါ်မှာပဲ ဖြေရှင်း သွားမယ်။ တယောက်နဲ့တယောက် မေတ္တာတရားထားပြီး ဖြေရှင်းသွားမယ်၊ တယောက်နဲ့ တယောက် နိုင်ထက်စီးနင်းမပြုကြဘဲနဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်သွားမယ်ဆိုရင်တော့ ပြဿနာ ဖြေရှင်းနိုင်တာပေါ့။ သို့သော်လည်းပဲ အခုက အုပ်စိုးသူစစ်အစိုးရအနေနဲ့က ဒီလို မသွားတဲ့အပေါ်မှာ မြန်မာ့နိုင်ငံရေးအခြေအနေကတော့ ကောင်းလာဖို့ ကြာအုန်းမယ်လို့ ကျနော်ယူဆတယ်။
Wednesday, September 17, 2008

သြစတြေးလျားနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ်၊ မဲဘုန်းမြို့  ကရင်ရိုးရာလက်ချည်(ချည်ဖြူဖွဲ့ )ပွဲ






ဓါတ်ပုံ-တီးနိုး(သဝေါတာ)
Tuesday, September 16, 2008

ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး

ဒီနေ့ တော့ သူငယ်ချင်း ဒေါနမြေရဲ့ ဘလော့ထဲက စပ်မိစပ်ရာလေးတပုဒ်ကို စာဖတ်သူများအတွက် တင်ပြလိုက်ပါတယ်။ ဒီဆောင်းပါးဟာ ကရင့်တမျိုးသားလုံးအတွက် အလွန်အရေးကြီးတဲ့ ဆောင်းပါးတပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ကရင့်တမျိုးသားလုံးအတွက် သတိထားစရာ ချက်တွေကိုလည်း ရေးထားပါတယ်။ ဆက်လက်ရှုစားနိုင်ပါတယ်။
စပ်မိစပ်ရာ (၃)
ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး

တစ်နေ့ တော့ လမ်းလျှောက်လာရင်း သူငယ်ချင်းတစ်ယောက်က (ပွာပို့  နေယကွတနေ့ ဘာ) လို့ သူ့ ပါးစပ်ကနေထွက်လာတယ်။ ကျနော်ပိုးတစ်ယောက်ဖြစ်မှန်း သူမသိလို့ ပဲပြောမိတာလာ၊ သိသိရင်းနဲ့ တမင်သက်သက်ပြောတာလားတော့ မသိဘူး။ ဒါပေ့မယ် ဒီလိုပညာတတ် လူငယ်တစ်ယောက်စီမှာ ဒီအတွေးအခေါ်တွေ ရှိနေတာကတော့ ကျနော်တို့  ကရင့်အနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်မှန်း ကျနော်သိနေပါတယ်။

ထို့ နည်းတူစွာပဲ တစ်နေ့ တော့ လူတစ်ယောက်နဲ့ အွန်လိုင်းမှာ စကားပြော ဖြစ်တယ်။ သူက (ယှင်ဏှ် ယ်ုယေါဝ်ဏှေ်အေး) လို့  ပြောခဲ့တယ်။ သူဘာကြောင့် ဒါတွေပြောထွက်လည်းဆိုတာတော့ သူ့ ကိုဆက်မမေးတော့ပါဘူး။ ဒါပေမယ့် ဒီလိုမျိုးခေတ်ပညာ တတ်လူငယ်တွေစီမှာ ဒီလိုမျိုး အတွေးအခေါ်ဝင်နေတာကတော့ ကြောက်စရာကောင်းတယ်လို့  ကျနော် သုံးသပ်မိပါတယ်။

ပြီးတော့ (ယာနေကညော၊ အော်နေပို့ ) (ယ်ုဏှ်ဖလုံ၊ အဝေ့ဏှ် ယှင်) ဆိုတဲ့အသုံးအနှုန်းတွေကိုလည်း ထင်ထင်ရှားရှားသုံး နေတာကိုလည်း တွေ့ နေရတယ်။ ဒီလိုမျိုးအသုံးအနှုန်းတွေရဲ့ အနှစ်သာရ၊ ထိရောက်မှု ဘယ်လောက်ရှိလဲဆိုတာကို သိလို့ ပြောသည်ဖြစ်စေ၊ မသိပဲနဲ့  ပြောသည်ဖြစ်စေ အဲ့ဒါတွေကို ဆက်သုံးခြင်းအားဖြင့် ကျနော်တို့  မမြင်နိုင်တဲ့ခွဲခြားမှုအက်ကြောင်း တဖြည်းဖြည်းနဲ့  ကြီးထွားလာနိုင်တယ်ဆိုတာကို သုံးသပ်မိပါတယ်။

ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို ပြန်ပြီးပြောပြရမယ်ဆိုရင် -- တစ်နေ့  တော့ သူငယ်ချင်းအိမ်မှာ ပါတီလာဖို့ ဖိတ်ခြင်းခံရတယ်။ ကျနော်တို့  သူငယ်ချင်းတစ်စုပျော်ပျော်ပါးပါးသွားကြတယ်။ အဲ့ဒီညနေ ကျနော်တို့ သူငယ်ချင်းတစ်စုဟာ ဖြစ်ချင်တော့လည်း (ဖလုံမေါဝ်ထါင်) သက်သက်ပဲ။ သူငယ်ချင်းအိမ်ရောက်တော့ တစ်ခြားလူတွေလည်းရောက်နေတာ တွေ့ ရတယ်။ သူတို့ တွေက အများအားဖြင့် (ဖလုံဖါ.ထါင်) တွေပါ။ ကျနော်တို့  ရောက်တော့ ကျနော်တို့ တွေက သက်သက်တစ်စု စုဝေးထိုင်ပြီး သူတို့ တွေက သက်သက်တစ်စု ထိုင်တယ်။ စကားပြောတော့လည်း ကိုယ့်အစုနဲ့  ကိုယ်ပဲ ပြောကြတယ်။ ပါတီတစ်လျှောက်လုံး အဲ့ဒီလိုပဲ။ ကျနော်တို့ အစုမှာ (ဖလုံဖါ.ထါင်) ပြောတတ်တဲ့သူတွေပါပါတယ်။ ကျနော်က ဖလုံဖါ.ထါင်ရော၊ ဖလုံမေါဝ်ထါင်ရောပြောတတ်ပါတယ်။ အဲ့ဒီပါတီ အစအဆုံး ကျနော်သတိထားမိပါတယ်။ ဖလုံဖါ.ထါင်နဲ့ ဖလုံမေါဝ်ထါင် တွေက သူစိမ်းလိုဖြစ်နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ရယ်ရယ်မောမော စကားပြော၊ ဆက်ဆံရေး (Communication) သိပ်မရှိကြဘူး။ သူများတွေ သတိထားမိလား၊ မထားမိဘူးလားတော့ မသိဘူး။ ကျနော်ကတော့ အစအဆုံးသတိထားမိပါတယ်။ ဒီအချင်းအရာတွေက ဆိုးတဲ့လက္ခဏာ မဟုတ်ရင်တောင် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူးလို့  ကျနော် သုံးသပ်မိပါတယ်။

ပို့ နဲ့ ယှင် နဲ့ ပတ်သက်ပြီးတော့ နောက်တစ်ခုက တစ်ချို့ လူတွေက ပို့ လို ခေါ်ရင် နှိမ်တယ်လို့ ခံစားရတယ်။ ထို့ နည်းတူစွာပဲ ယှင်လို့ ခေါ်ရင် မကြိုက်တဲ့လူတွေလည်း ရှိတယ်။ ဒီအခေါ်အဝေါ်တွေက သတိမထားမိရင် ဘာမှမဖြစ်သလိုနဲ့  တကယ်တော့ အန္တရာယ်ရှိ ပါတယ်။ တကယ်တော့ (ဖလုံ) ဆိုတာ ကရင် လို့ အဓိပါယ်သက်ရောက်ပြီး (ကညီ) လည်း ကရင် လို့ ပဲ အဓိပါယ်ရပါတယ်။ တစ်မျိုးလုံး ကို ဖလုံ ခေါ်ခေါ်၊ ကညီ ခေါ်ခေါ် ခေါ်လို့ ရပါတယ်။ ဒါပေမယ့် အမျိုးအစားလေး ခွဲခြင်လာတယ်ဆိုရင် ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး လို့ ခေါ်ဝေါ် ရင် ပိုပြီးညီညွတ်မှုစီကို ဦးတည်သလို၊ တစ်ယောက်နဲ့ တစ်ယောက်စိတ် ထဲမှာ ရှိနေတဲ့ (Tension) လေးတွေလည်း ပျောက်ကွယ်သွားမယ်လို့  ယုံကြည်ပါတယ်။

ဒါကြောင့် ကျနော်တို့ ကရင်တွေ (ကညီနဲ့ ပို့ ၊ ဖလုံနဲ့ ယှင်) အသုံးအနှုန်းတွေကို ပယ်ဖျက်ပြီး (ကညီမို့ ထံး၊ ကညီပါ့ထံး။ ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင်) ဆိုတဲ့ အသုံးအနှုန်းတွေကို အစားထိုးသုံးရင် ပိုပြီးသင့်လျော်ပြီး ညီညွတ်မှုအတွက် အားအင်တစ်ရပ်လို့  ကျနော်ဆင်ခြင် မိပါတယ်။ ပြောချင်တာက စကောတွေအနေနဲ့  သူတို့  ကိုယ်ကို ကညီပါ့ထံးလို့ ခေါ်ပြီး ပိုးတွေကို ကညီမို့ ထံး လို့ ခေါ်ဖို့  ဖြစ်ပါတယ်။ ထို့ နည်း တူစွာပဲ ပိုးတွေကလည်း သူတို့ ကိုယ်ကို ဖလုံမေါဝ်ထါင်လို့  ခေါ်ပြီး စကောတွေကို ဖလုံဖါ.ထါင် လို့ ခေါ်ဖို့  ဖြစ်ပါတယ်။ ဒီလိုမျိုး ခေါ်ခြင်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် လေးစားတာကိုဖေါ်ပြပြီး တန်းတူမှုကိုလည်း အရောင်ဟပ်စေတယ်လို့  ကျနော်ယုံကြည် ပါတယ်။

ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး လို့ ပြောတဲ့ နေရာမှာ တစ်ချို့ က (မို့ ထံး) ကို အနောက်ပိုးလို့ ပဲ ထင်ကြတာ လည်း ရှိပါတယ်။ ဒီလိုဆိုရင် အရှေ့ပိုးက ကရင်စာရင်းထဲမှာမ၀င်သလိုဖြစ်နေတယ်။ ကရင်က အဖေဖက်နဲ့  အမေဘက် နှစ်မျိုးထဲရှိတာ ဘယ်ဖက်မှ မပါရင် ကရင်မဟုတ်သလိုဖြစ်နေတာပေါ့။ နယ်စပ်က လူကြီးတစ်ယောက်ပြောဖူးပါတယ်။ ကရင်က သုံးမျိုးရှိတယ်တဲ့။ ဖလုံရယ်၊ မို့ ထံးရယ်၊ ပါ့ထံးရယ် တဲ့။ သူက မြစ်ဝကျွန်းပေါ်ကလာတဲ့ ဖလုံမေါဝ်ထါင် တစ်ယောက်ပါ။ သူပြောတာကို ကျနော်က ပြန်ပြော ချင်ပေမယ့် သူ့ ကို လူကြီးတစ်ယောက်အနေနဲ့ သဘောထားပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲနေ လိုက်တယ်။ ဒီအတွေးအခေါ်က သူတစ် ယောက်တည်းမှာပဲရှိတာ မကဘူး လို့ ကျနော်ယုံပါတယ်။ ဘာလို့ လဲဆိုတော့ ကျနော်ကြုံခဲ့ဖူးတဲ့လူတွေ (လူကြီး၊လူငယ်၊ လူလတ်) က အဲ့ဒီလိုမျိုးယူဆတွေးခေါ်နေတာ အများကြီးရှိပါတယ်။ ဒါတွေက ကောင်းတဲ့လက္ခဏာမဟုတ်တဲ့အပြင် ခွဲခြားခြင်းကို သဘောသက် ရောက်နေတယ်လို့  ယူဆမိပါတယ်။

ဒါတွေက ပြင်လို့ မရတဲ့အရာတွေတော့ မဟုတ်ပါဘူး။ ပြင်လို့ ရပါတယ်။ ပြင်ဖို့ လည်းနည်းလမ်းတွေရှိပါတယ်။ ဒါဆို ဘာကြောင့်ကျနော် တို့ အခုက နေစပြီး ဒီအခေါ်အဝေါ်အသုံးအနှုန်းတွေကို သုံးသပ်ပြီး ပြန်ပြင်ခေါ်ရင် မကောင်းဘူးလားလို့ မေးချင်ပါတယ်။ တန်းတူမှု၊ တစ်ယောက်နဲ့ တစ် ယောက်လေးစားမှု၊ ညီညွတ်မှုကို ရှေးရှုတဲ့ အခေါ်အဝေါ်ဖြစ်တဲ့ (ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီမို့ ထံး၊ ကညီပါ့ထံး) ကို ပြောင်းလဲခေါ်ကြရင် အများကြီးကောင်းမယ်လို့  ကျနော်ယုံကြည်ပါတယ်။ ဒီအသုံးအနှုန်းတွေကို သုံးနေကျတဲ့သူတွေ လည်းရှိနေပါပြီး။ ဒါပေမယ့် အရမ်းနည်းနေပါသေးတယ်။ တစ်မျိုးလုံးကို ဖလုံ (သို့ ) ကညီ လို့  ခေါ်ရင်ရပါတယ်။ ဒါပေမယ့် ပိုပြီး အသေး စိတ်ပြောချင်ရင်တော့ (ဖလုံမေါဝ်ထါင်၊ ဖလုံဖါ.ထါင် (သို့ ) ကညီပါ့ထံး၊ ကညီမို့ ထံး) ကိုသုံးရင် ပိုပြီး တန်းတူမှုကို ထင်ဟပ်စေပါတယ်။

ညီညွတ်မှုကို ရှေးရှုလျှက် --
ဒေါနမြေ (၀၄၊၀၃၊၀၈)Type your summary here.

Type the rest of your post here.
Friday, September 12, 2008

ကေအန်အယ်လ်အေ တပ်မဟာ (၇) တာဝန်ခံ ဗိုလ်မှူးချုပ် ဂျော်နီနှင့် ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် တွေ့ဆုံမေးမြန်းခန်း


(ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် (ကေအန်အယ်လ်အေ) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် လက်အောက်ခံ တပ်မဟာ (၇) ဌာနချုပ်သည် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တဘက် မြန်မာဘက်ခြမ်းတွင် အခြေစိုက်သည်။ ကေအန်အယ်လ်အေ တပ်မဟာ (၇) ဌာနချုပ်မှ တာဝန်ခံ ဗိုလ်မှူးချုပ် ဂျော်နီနှင့် ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ ကေအန်အယ်လ်အေ တပ်မဟာ (၇) ဌာနချုပ်၌ မကြာခင်က တွေ့ဆုံဆွေးနွေးခွင့် ရခဲ့သည်။ ကေအန်အယ်လ်အေ တပ်မဟာ (၇) ဌာနချုပ်မှ တာဝန်ခံ ဗိုလ်မှူးချုပ် ဂျော်နီသည် တိုက်ရည်ခိုက်ရည်ကောင်းသူတဦး ဖြစ်သည့်အပြင် ကေအန်ယူနှင့် မြန်မာစစ်အစိုးရတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် (၅) ကြိမ်တိုင် ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့၌ ပါဝင်ခဲ့သူလည်း ဖြစ်သည်။ လက်ရှိ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ခေတ်ပြိုင်မှ မေးမြန်းရာ ကေအန်အယ်လ်အေ တပ်မဟာ (၇) ဌာနချုပ်မှ တာဝန်ခံ ဗိုလ်မှူးချုပ် ဂျော်နီက ယခုကဲ့သို့ စတင်ရှင်းပြသည်။)
စစ်ရေးအပိုင်း

ဖြေ။ ။ အခုလောလောဆယ် ကျနော်တာဝန်ယူထားတာ (၁) နှစ်ကျော်ပြီ။ ရှေ့လှုပ်ရှားမှုအတွက် အခုလက်နက်ကိုင် ထားတာတော့ ကျနော်တို့လူထုကို ကာကွယ်ဖို့နဲ့ ကျနော်တို့ကို ကာကွယ်ဖို့ပဲလေ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်း မယ်။ စစ်ရေးနဲ့ဖြေရှင်းတာ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူးမဟုတ်လား။ ခဏတဖြုတ်တော့ အေးသွားတာပေါ့။ နောက်တော်ကြာ ပြန်ပူမယ်။ ဒါကြောင့် ကျနော်တို့ ကေအန်ယူ မူကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ အခုကျနော်တို့လောလောဆယ် အမြဲတမ်းလုံခြုံရေးကို (၂၄) နာရီပေါ့။ သူတို့ ကျနော်တို့ကို အရင်လာတိုက်မှ ကျနော်တို့ ပြန်တိုက်မယ်ပေါ့လေ။ ဒီလိုပဲပြောထားတယ်။ ရှေ့တန်းမှာလာတဲ့ တပ်မတွေ တပ်ရင်းတွေကိုပေါ့လေ။

မေး။ ။ အစိုးရဘက်ကရော ဘယ်လိုသဘောထားရှိလဲ တပ်တွေက။ ဥပမာ- ဟိုတလောက ကျနော်တို့သတင်းတွေ ဖတ်ရတာ တိုက်ပွဲတွေလည်း မကြာခဏပေါ့လေ။ ကျောက်ကြီးတို့ ဘားအံဘက်တွေမှာဖြစ်တယ်။ နောက်တခါ ဒီဘက်က အီထူးထာတို့ဘက်မှာလည်း ကျွံထွက်လာတဲ့ ဒုက္ခသည်တွေ တော်တော်များများတွေ့ရတယ်။ အဲဒါ ၂၀၀၄-၂၀၀၅ ကနေ အခုချိန်ထိရောက်နေတုန်းပဲ ရှိသေးတယ်။ ဟိုဘက်ကထိုးစစ်က မရပ်ဘူးဆိုတဲ့အခါမှာ ဗိုလ်မှူးချုပ်တို့က ပြည်သူလူထုကို ခုခံကာကွယ်ဖို့ဆိုရင် အစိုးရနဲ့ ထိတွေ့တဲ့ တိုက်ပွဲတွေ နောက်ထပ်ဖြစ်ဖို့ အကြောင်းမရှိတော့ဘူးလား။ ရှိရောရှိနေသေးလား။

ဖြေ။ ။ ဒါက ရှိရင်ရှိမှာပေါ့။ ကျနော်တို့ ဒီမှာတော့ ပြောထားတာပေါ့။ အခုက ရှေးခေတ်ကာလလို သွေးထွက်သံယို ခေတ်မဟုတ်တော့ဘူး။ အခုရှေ့တန်းမှာ ရောက်တဲ့ တပ်မတွေ၊ တပ်ရင်းတွေ၊ ဗမာကိုတိုက်တာ မဟုတ်ဘူး။ အာဏာရှင်ကို တိုက်တာ။ ကရင်လည်း ဗမာပဲ။ တိုင်းရင်းသား ညီအစ်ကိုတွေပဲ။ ဟိုးအရင်တုန်းက ပြီးခဲ့တာတွေကိုလည်း ကျနော်တို့က သင်ပုန်းချေလိုက်ပြီ။ ခွင့်လွှတ်လိုက်ပြီပေါ့။ မေ့တော့မမေ့ဘူးပေါ့။ အဓိကက ကျနော်တို့ အလံကိုင် တိုက်တာ ကရင်အတွက်၊ ကရင်ပြည်နယ်အတွက်ချည်း မဟုတ်ဘူး။ ကရင်ပြည်နယ်တခုတည်း အေးမယ်ဆို ဗမာပြည် ဘယ်တော့မှမအေးဘူး။ ဒါကြောင့်မို့ ကျနော်တို့ လက်နက်ကိုင်တိုက်တာ အဖိနှိပ်ခံတိုင်းရင်းသား အားလုံးအတွက် ပါတယ်။ လူတန်းစားအားလုံးအတွက်ပဲ။ ဒါကြောင့်မို့ ဒီမှာလာတဲ့လူတွေကိုလည်း ကျနော်တို့ပြောတယ်။ တကယ်လို့ ကျနော်တို့ တိုက်မယ်ဆိုရင် နေ့တိုင်းပဲ တိုက်လို့ရတယ်။ နေ့တိုင်းပဲ သေမယ်။ ဒါပေမယ့် ကျနော်တို့ မတိုက်ဘူး။ ကျနော့် အခု စခန်းက တပ်ခွဲလုပ်လို့ တပ်ခွဲတခွဲမှာ (၁၈) ယောက်ရှိတယ်။ တပ်ရင်းတရင်းမှ ရှေ့တန်းမှာ တက်လာတာ (၁၀၀-၁၀၂-၁၀၃) ယောက် ရှိတယ်။ ကျနော်က တိုက်ချင်တယ်။ ဒါပေမယ့် သေရင် နှစ်ဖက်စလုံးသေမယ်။ ကရင်လည်း သေမယ်။ ဗမာလည်း သေမယ်။ အစိုးရ သေမယ်။ တော်လှန်ရေးသမားလည်း သေမယ်။ ဒါကြောင့်မို့ ဘာမှအကျိုး မရှိဘူး။ ရေရှည်မှာ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ ကျနော်တို့ မြန်မာပြည်တိုးတက်အောင်၊ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံး တာဝန်ရှိတယ်။ ဒါကြောင့်မို့လို့ ရှေ့တန်းမှာလာတဲ့ တချို့ (အစိုးရ) တပ်မှူးတွေ၊ တပ်ခွဲမှူးတွေ၊ တပ်ရင်းမှူးတွေ တခါတလေ ကျနော့်ကို ဖုန်းဆက်လာတာရှိတယ်။ ကျနော်ဒီလိုပဲ ပြောလိုက်တာပဲ။ အခုက သူတို့စစ်ဆင်ရေးဆိုတော့ နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးဆိုတော့ အမြဲတမ်း လာတာပေါ့။ လာလို့ရှိရင် ကျနော်တို့ ဘာမှမလုပ်ဘူးလေ။ သူတို့လည်း ကျနော်တို့ကို ဘာမှမလုပ်ဘူးလေ။

မေး။ ။ အခု တဖက်က ပြန်ကြည့်တော့။ အခုသိသိသာသာ ဗိုလ်မှူးချုပ်တို့အနေနဲ့ ဒီသဘောတရားကို Policy ချမှတ်တယ်ဆိုရင် လွန်ခဲ့တဲ့ (၆) လအတွင်းမှာဖြစ်စေ၊ လွန်ခဲ့တဲ့ (၁) နှစ်အတွင်းမှာ ဖြစ်စေ၊ အစိုးရနဲ့ဖြစ်တဲ့ တိုက်ပွဲနှုန်းထားဟာ ပိုပြီးတော့ကျသွားလား၊ အရင်ထက်ပိုများလာပါသလား။ ဘယ်လိုမှန်းပါသလဲ။

ဖြေ။ ။ ကျနော်တို့နယ်မြေမှာ ဒီတနှစ်အတွင်းမှာတော့ တိုက်ပွဲမရှိဘူး။ တပ်မဟာ (၆)၊ တပ်မဟာ (၂) တို့မှာတော့ ရှိချင်ရှိမှာပေါ့။ ကျနော့်နယ်မြေတော့ ကျနော်တာဝန်ယူထားတာ (၁) နှစ်မှာတော့ တိုက်ပွဲတခါမှ မရှိသေးဘူး။

မေး။ ။ အရင်ထက်စာရင်တော့ သိသိသာသာလျော့သွားတာပေါ့ ဟုတ်လား။

ဖြေ။ ။ ဟုတ်ကဲ့။ တကယ်တော့ ကျနော်တို့လည်း အမြဲပဲ စစ်ရေးသတိပေါ့။ စစ်သားဆိုတာ သတိအမြဲရှိရမယ်။ ရန်သူတွေကတော့ သွားပြီးယုံလို့ မရဘူးပေါ့။ တကယ်လို့ သူသတ်မယ့်ခွင်လာရင်တော့ ကျနော်တို့လည်း ခုခံကာကွယ်မှာပေါ့။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေါ့။

လူထုကို လက်နက်ဆင်ပြီးတိုက်မည့် ဖက်ဆစ်တော်လှန်ရေးအယူအဆ

မေး။ ။ နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ရှင်းရမယ်။ စစ်ရေးနည်းနဲ့ဟာ နိုင်ငံရေးမပြေလည်နိုင်ဘူးဆိုတော့ နိုင်ငံရေးနည်းနဲ့ ရှင်းတာရော တကယ်နိုင်ငံရေး ပြေလည်ဖို့ ရှိမယ်လို့ ဗိုလ်မှူးချုပ်ယူဆပါသလား။

ဖြေ။ ။ ယူဆတယ်။ အခုမြို့သားလူထုနဲ့သံဃာတွေ ကျနော့်ကို ဆက်သွယ်တာရှိတယ်။ ကျနော် ပြောတယ်။ တောင့်ထားပေါ့။ တနေ့ကျရင် ဖြစ်ကိုဖြစ်မှာပဲ။ မြို့မှာ လူထုနဲ့ အဆက်အသွယ်ရပြီး လူထုနဲ့ ကျနော်တို့ တော်လှန်တဲ့ အဖွဲ့အစည်းတွေညီလို့ရှိရင် တနေ့ကျရင် ဒီတော်လှန်ရေး အောင်မြင်မယ်လို့ ယူဆတာပေါ့။ တကယ်ပေါ့လေ။

မေး။ ။ ဗိုလ်မှူးချုပ်က အဲဒီလို ယူဆပေမယ်လို့ တချို့တိုင်းရင်းသားခေါင်းဆောင်တွေကို ကျနော် မေးကြည့်တဲ့အခါ သူတို့စဉ်းစားနေတာက နိုင်ငံရေးနည်းနဲ့ အခုမပြေလည်ဘဲ တင်းခံနေတာပေါ့လေ။ ပြဿနာတွေဖြစ်နေတယ်။ တိုက်မှဖြစ်မယ်။ တိုက်တဲ့အခါမှာလည်း ဒီစစ်အစိုးရဟာ ဖက်ဆစ်လိုပဲ လူထုအပေါ်မှာ အင်မတန်မှ ကြမ်းကြုတ် ရက်စက်တဲ့အတွက် ဒီစစ်အစိုးရကို ဖက်ဆစ်တော်လှန်ရေးအသွင် တိုက်သင့်တယ်။ ဖက်ဆစ်တော်လှန်ရေးအသွင် တိုက်တဲ့အခါမှာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့နည်းနဲ့ မအောင်မြင်နိုင်တော့ဘူး။ လမ်းပေါ်ထွက်ဆန္ဒပြရင် ဒီစစ်အစိုးရဟာ ရက်ရက်စက်စက်နဲ့ လူထုကို သတ်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ လူထုကို လက်နက်တပ်ဆင်ပေးပြီးတော့ ဖက်ဆစ် တော်လှန်ရေးလိုလုပ်မှ အောင်မြင်မယ်လို့ ယူဆတဲ့ အပိုင်းလေးတွေရှိတယ်။ ဗိုလ်မှူးချုပ်အနေနဲ့ဒီအယူအဆကို သဘောတူပါသလားခင်ဗျာ။

ဖြေ။ ။ ကျနော်ကတော့ အခုလောလောဆယ်တော့ ဘယ်လိုမှ သဘောမတူသေးဘူး။ တကယ်လို့ အခြေအနေအရ အခုပြောတာ စောသေးတယ်ပေါ့။ အခုလောလောဆယ် အခြေအနေစောင့်တာမျိုးပေါ့လေ။ လက်နက်နဲ့လုပ်တော့ လုပ်ရမယ်၊ ဒါပေမယ့် တကယ်လို့ လက်နက်ကိုင် တိုက်ရမယ်ဆို ဒီအာဏာရှင်နဲ့ ကျနော်တို့တော်လှန်ရေးကြားမှာ လူထုလည်း ထိခိုက်နစ်နာမှုရှိတယ်။ ဒါကြောင့်မို့ လောလောဆယ် အဓိကကတော့ လူထုကိုစည်းရုံးနိုင်ဖို့ လူထု ကျနော်နဲ့ လာဆက်သွယ်ဖို့။ ဒါပေမယ့် မကြာတဲ့ကာလမှာ ဒီအာဏာရှင်ဆိုတာ ကြာကြာ မခံနိုင်ဘူးလေ။ အခုပြည်သူက အခက်အခဲရှိတဲ့ တနေ့ကျရင် ပေါက်ကွဲမယ်။ ကျနော်က ပြည်သူနဲ့လက်တွဲပြီဆိုရင်၊ တော်လှန်ရေး အဖွဲ့အစည်းကြီး ညီလို့ရှိရင် ကျနော်တို့ ဒီမိုကရေစီမိသားစုရဲ့ ဘုံရန်သူဟာ ဘယ်လိုမှမခံနိုင်ဘူး။ အဓိက ကျနော်တို့လူထုပဲ။ တကယ်လို့ ဒီလိုတိုက်မယ်ဆိုရင် လူထုပဲနစ်နာမယ်လေ။ လက်နက်တော့ လက်နက်ကိုင်ထားတာပေါ့။ လောလောဆယ်တော့ အချိန်မရောက်သေးဘူး။ အချိန်ရောက်တော့ ကျနော်တို့နဲ့ လုပ်ကိုလုပ်ရမယ်။ တိုက်ကိုတိုက်ရမယ်။

မေး။ ။ နောက်တချက်က ပြည်တွင်းမှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီးတော့ လက်နက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ၊ ဒီအဖွဲ့တွေ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။ အခုချိန်မှာ။

ဖြေ။ ။ အခုဒီအဖွဲ့တွေဟာ တော်လှန်တဲ့ ဒီမိုကရေစီအဖွဲ့အားလုံးနဲ့ နားလည်မှုယူဖို့ အချိန်တန်ပြီပေါ့။ ကျနော်တို့ ကေအန်ယူအဖွဲ့ကလည်း လူထုနဲ့ ပြန်ပေါင်းတာရှိတယ်။ ကျနော်တို့နဲ့ ပြန်နားလည်ဖို့ ဒီအာဏာရှင်ပြုတ်ကျဖို့ ပြည်သူလူထု တရပ်လုံးအတွက် အကျိုးရှိဖို့၊ ကိုယ့်အတွက်အကျိုးမရှိ ဘဲနဲ့ ပြည်သူလူထုတရပ်လုံး၊ မြန်မာပြည် တပြည်လုံး ငြိမ်းချမ်းအောင် တော်လှန်တဲ့အဖွဲ့အစည်းပေါ့လေ၊ ဒီမိုကရေစီအဖွဲ့တွေနဲ့ လက်တွဲဖို့ အချိန်ရောက်ပြီလေ။

အမေရိကန်ပေါ်လစီနှင့် လက်နက်ကိုင်လမ်းစဉ်

မေး။ ။ နောက်တချက်က နိုင်ငံတကာအပိုင်းကလည်း ဘာပြောင်းလာလဲဆိုတော့။ အထူးသဖြင့် အမေရိကန်ပေါ့လေ။ သူ့ Policy အရ ဒီအကြမ်းဖက်မှုကို 9/11 က ဒီဘက်ကို တောက်လျှောက်ဆန့်ကျင်လာခဲ့တယ်။ ဆန့်ကျင်လာခဲ့တော့ အခု Patriotic Act ဆိုတဲ့ အမျိုးသားရေးနဲ့ ဆိုင်တဲ့ဥပဒေတရပ် ပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာ အတော်လေး လုံခြုံရေးတွေ သူတို့ဆီမှာလည်း တင်းကျပ်လာတယ်။ နောက်ပြီး Material Support ဆိုပြီးတော့ ကေအန်ယူတို့လို၊ တခြား လက်နက် ကိုင် မြန်မာပြည်ထဲက တိုင်းရင်းသားအဖွဲ့ ဘယ်အဖွဲ့မဆို တစုံတရာ Material Support ဆိုတဲ့အတွက် ဆန်တပြည် ပေးခဲ့လည်း ဒါနဲ့သွားငြိတယ်။ ငွေငါးကျပ်ပေးခဲ့လည်း ဒါနဲ့ငြိတယ်ဆိုပြီးလုပ်တော့ အမေရိကန်သွားမယ့် ဒုက္ခသည် တွေမှာ ပြဿနာဖြစ်ခဲ့တယ်။ ဗိုလ်မှူးချုပ်လည်း ကြားပါလိမ့်မယ်။ ဟိုတလောကဖြစ်တယ်။ နောက်တော့မှ Waiver နဲ့ ပြန်ဖွင့်ပေးတယ်။ ဒုက္ခသည်တွေမှာ ကရင်တွေလည်းပါမယ်။ တခြားတိုင်းရင်းသားတွေလည်း ပါတဲ့အခါမှာ အမေရိကန် သွားဖို့ အစီအစဉ်တွေမှာ အခက်အခဲတွေ ဖြစ်လာတဲ့အတွက် ဒီလက်နက်ကိုင်လမ်းစဉ်ဟာ ရေရှည်မှာ အောင်မြင်မယ် သို့မဟုတ်လည်း ဘယ်လောက်အတိုင်းအတာတခုထိမှာ လက်နက်ကိုင်လမ်းစဉ်ကို ပြောင်းလဲမယ်လို့ သဘောထားများ ရှိလဲခင်ဗျ။

ဖြေ။ ။ လောလောဆယ်တော့ အခု ကျနော်လက်နက်ကိုင်ထားအုံးမှာပေါ့။ အခု ဒီအာဏာရှင်က ကျနော်တို့ကို လက်နက်နဲ့ တိုက်တော့ ကျနော်တို့လည်း တိုက်ရင်းနဲ့ အစတုန်းက ကျနော်တို့ ကေအန်ယူလည်း ဥပဒေဘောင် အတွင်းက အခွင့်အရေး တောင်းယူတာပဲ။ ဒီအာဏာရှင်ကမှ မပေးဘဲ။ သူတို့က အရင် လက်နက်နဲ့လာတိုက်တော့ ကျနော်တို့လည်း ဓား ဓားချင်း၊ လှံ လှံချင်းပေါ့။ အခု လောလောဆယ်တော့ ဒီလိုပဲရှိမှာပေါ့။ လက်နက်ကိုင် တော်လှန်ရေးတော့ လုပ်ကိုလုပ်ရမယ်။ လောလောဆယ် ဒီလက်နက်ကိုင်ဟာ ပြည်သူလူထုကို ကာကွယ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်တာပေါ့လေ။ ပြည်ပက ဖိအားပေးတာလည်း မလိုချင်ဘူး။ ကျနော်တို့ကိုယ်တိုင်က လုပ်ကို လုပ်ရမယ်။ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးမှာ တာဝန်ရှိတယ်။ စစ်အစိုးရပြုတ်ကျဖို့ ကျနော်တို့ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံး၊ အဖွဲ့အစည်းအားလုံး နောက်ငြိမ်းချမ်းရေး ယူထားတဲ့လူတွေအားလုံး ကျနော်တို့ ညီလို့ရှိရင် တနေ့ကျရင် ဒီအာဏာရှင်ပြုတ်ကျမှ ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုပိုပြီး ရေရှည်တည်တံ့မယ်။ ကျနော်ဒီလိုတွက်တယ်။ နိုင်ငံခြားလည်း အားကိုးလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ လုပ်ရမယ်။ ကမ္ဘာကဖိအားပေးတော့ ပေးမယ်။ ဒီနှစ်ရပ်စလုံးထက် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလုပ်ရမယ်။

မေး။ ။ လက်နက်ကိုင်ပြီးတော့ ဗိုလ်မှူးချုပ်တို့တိုက်ပွဲဝင်တဲ့အခါမှာ ဒီလက်နက်ကိုင်ထားတဲ့အတွက်
ကေအန်ယူဟာ စစ်အစိုးရကို ဆက်ပြီးတိုက်ခိုက်နေတယ်။ လက်နက်လည်း ကိုင်ထားတယ် ဆိုတဲ့အတွက် နိုင်ငံတကာကနေပြီး ကေအန်ယူအဖွဲ့အစည်းကို အကူအညီပေးမယ်ဆိုရင် အဟန့်အတား ဖြစ်မသွားနိုင်ဘူးလား အခုလောလောဆယ်။

ဖြေ။ ။ ဖြစ်တော့ဖြစ်သွားနိုင်တယ်။ အခု ကျနော်တို့က တိုက်တာမှမဟုတ်ပဲ။ နိုင်ငံရေးနည်းနဲ့ဖြေရှင်းရင် ကျနော်တို့ ဖြေရှင်းမယ်။ ကျနော်တို့ ကေအန်ယူက အမြဲတမ်း တံခါးဖွင့်ထားတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်။ လက်နက်မပါဘူးဆိုလို့ရှိရင် ကျနော်တို့ကို ဘယ်လောက် နှိပ်စက် ဘယ်လောက်ညှဉ်းပန်းမလဲ။ အခု လက်နက်ကိုင် ထားတာဟာ ကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်တယ်။ ကိုယ့်လူထုကိုလည်း ကာကွယ်တယ်။ တကယ်လို့ငြိမ်းချမ်းမယ် ဆိုလို့ရှိရင် ကျနော်တို့လက်နက်ကိုင်စရာ ဘာလိုတော့မလဲ။ အားလုံးမြန်မာပြည်မှာ စစ်တပ် ဘယ်လောက်ထားမလဲ၊ ပြည်နယ်တခု ဘယ်လောက်ထားမလဲ။ အားလုံးတိုင်းရင်းသားတွေ ဆုံးဖြတ်ရမယ့် တာဝန်ပဲလေ။

ညီညွတ်လျှင် စစ်အာဏာရှင် ပြုတ်ကျမည်

မေး။ ။ အခုလက်ရှိမြန်မာပြည်မှာ စစ်အစိုးရအုပ်ချုပ်နေတာကို ပြန်ကြည့်လို့ရှိရင် ကာကွယ်ရေးဦးစီးချုပ် တယောက် ရဲ့လက်ထဲမှာ အာဏာအပြည့် အပ်လိုက်တာ။ အဲဒီစနစ်လုပ်ထားတာ။ ဒီလူတယောက်တည်းကနေပြီးတော့ မြန်မာပြည် တပြည်လုံးကို အာဏာရှင်လို အုပ်ချုပ်သွားတဲ့အခါကျတော့ အဲဒီအာဏာရှင်စနစ်နဲ့ နောက်တခါလာမယ့် နောက်လာမယ့် ၂၀၁၀-ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာမယ့်အစိုးရ လက်ထက်မှာလည်းပဲ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်က အခုထက် ပိုပြီးတော့တောင်မှ သြဇာကြီးနေတယ်။ သူတို့သတ်မှတ်ထားတာ။ အဲဒီလိုသြဇာကြီးနေတဲ့ အခါကျတော့ ကာကွယ်ရေး ဦးစီးချုပ်ကို ကာကွယ်ရေးဝန်ကြီး ကတောင် ပြန်ပြီးတော့မှကြောက်နေရတဲ့သဘောလိုမျိုးဖြစ်နေတော့ ရလလဖ ဗိုလ်မှူးကြီး ခွန်သူရိန်တို့လည်း ဒါကို မကျေနပ်လို့ တောခိုလာတယ်။

မေး။ ။ ဆိုရင် ဒီအနာဂတ်မြန်မာ စစ်တပ်ဟာ နောက်ထပ် ကာကွယ်ရေးဦးစီးချုပ်တယောက်တည်းက နေအာဏာသိမ်းလို့မရ အောင် ဘယ်လိုပုံစံလုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အဓိကသူတို့အာဏာတည်တံ့ခိုင်မြဲရေးပဲရှိတယ်လေ။ ဟိုတုန်းက ဦးနေဝင်း ၇၄-မှာ ဒီလိုပဲလေ။ အခုဟာ ၂၀၀၉-၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်။ သူနိုင်မှာသိတယ်။ ဒီတက်လာမယ့် အရပ်သားအစိုးရက သူတို့လူပဲလေ။ ဒါပရိယာယ်ပဲလေ။ တကမ္ဘာလုံးကလည်း သိတယ်။ ပြည်သူလူထုကလည်းသိတယ်။ နောက်ဆက်ပြီး အာဏာယူလို့ မရအောင် ကျနော်တို့တိုင်းရင်းသားအားလုံးရော၊ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ရော သူတို့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရလို့ ရှိရင် သူတို့ပြည်သူအတွက် အားထားရမယ်ဆိုရင်လည်း တမျိုးမျိုးတော့ ကြိုတင်ပြင်ဆင်ထားလားဆိုတာ ကျနော်တော့ ကြိုတင်မသိဘူးလေ။

ဒီတော့ ကျနော်အကြံပေးချင်တာကတော့ တော်လှန်တဲ့ ဒီမိုကရေစီသားအားလုံးညီညွတ်မယ်ဆိုရင်၊ ပြည်သူလူထုနဲ့ တသားတည်းရှိမယ်ဆိုရင်တော့ ဒီအစိုးရပြုတ်ကျရမယ်။ သိပ်မကြာတော့ဘူးလေ။ ရွေးကောက်ပွဲပြီးမယ်ဆိုရင် မြန်မာပြည်မှာ တပ်မတော်ဆိုတာ တခုတည်းရှိရမယ်။ ကျန်တဲ့ငြိမ်းချမ်းရေးယူတဲ့တပ်တွေဟာ သူတို့ကာကွယ်ရေး တပ်လား၊ အမျိုးသားတပ်လားဆိုတာ သူတို့နာမည်ပေးချင်ပေးမယ်။ စီးပွားရေး အခွင့်ထူးခံ ပေးချင်ပေးမယ်။ ပြည်သူလူထုအတွက် အဖိနှိပ်ခံတပ်ပဲ။ သူတို့လူမျိုးအတွက် ဘာမှအခွင့်အရေးမရှိဘူး။ သူတို့သိလည်း သိမယ်။ ဒါက ဒီအချိန်ကျလို့ရှိရင်တော့ အခြေအနေက တမျိုးပြောင်းမယ်။ တတ်နိုင်သမျှ ကျနော်တို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြမှာပေါ့။ ဒါပေမယ့် လက်နက်တော့ ကိုယ့်လက်ထဲမှာ ရှိကို ရှိရမယ်။ ဒီလူတွေဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတာသိတယ်။ ဒါပေမယ့် အာဏာရှင်ဆိုတော့ သူအချိန်နဲ့သူ မမျှော်လင့်ပဲ ပြုတ်ကျတာရှိတယ်။ ဘာမှအားငယ်စရာ မလိုဘူးလေ။

မေး။ ။ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ တိုက်ပွဲအခြေအနေဘယ်လိုရှိပါသလဲ။ စစ်အစိုးရနဲ့။

ဖြေ။ ။ ကျနော်တို့နယ်မြေမှာ အခုနပြောသလိုပေါ့။ အမြဲတိုင်းသတိနဲ့ပေါ့။ အဓိကက နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်။ တကယ်တော့ ဒီလိုတိုက်ပွဲမျိုးဟာ အလကား။ ကျနော်တို့အတွက်ဆို ဘာမှအဓိပ္ပာယ်မရှိဘူး။ စစ်တပ်လည်းသေမယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းလည်းသေမယ်။ ပြည်သူလူထုလည်း ဒုက္ခရောက်မယ်ဆိုတော့ ဒီအနှစ် (၆၀) ဆိုတော့ သူတို့ သဘောပေါက်သင့်ပြီပေါ့။

စစ်အစိုးရနှင့် ပူးပေါင်းသည့် ကရင်လက်နက်ကိုင်အဖွဲ့များပြန်လာဖို့ ကြိုဆို

မေး။ ။ နောက်တချက်က ဒီကေဘီအေက စစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့အတွက် ဒီကေဘီအေလည်း ကိုယ့်တိုင်းရင်း သားအတူတူဖြစ်တဲ့အတွက် သူတို့ကို ပြန်ပြီးပူးပေါင်းနိုင်အောင် စည်းရုံးဖို့ရော အစီအစဉ်ရှိပါ သလားခင်ဗျ။

ဖြေ။ ။ ကျနော်တော့ အမြဲရှိတယ်။ အမြဲတမ်းပဲပြောတယ်။ အရေးကြီးရင် သွေးနီးရမယ်။ ဒီကေဘီအေ အဖွဲ့ပြီးပြီ။ ဘယ်ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ပြီးပြီလဲ။ သံတောင်ငြိမ်းချမ်းရေးလား၊ ဟောင်သရောလား၊ သမူဟဲလား၊ ကျနော်က အမြဲ တံခါးဖွင့်ထားတယ်။ ကျနော်တို့ညီမှ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီရမယ်။ လိုလားတဲ့ အခွင့်အရေးကို ရမယ်ဆိုတော့ အမြဲတံခါးဖွင့်ထားတယ်။ အခုနားလည်မှု ယူထားတယ်။ သူတို့ အရင်လာတိုက်ရင်တော့ ကျနော် ပြန်တိုက်မှာပါ။ သူတို့အရင် ကျနော် ဘယ်တော့မှမလုပ်ဘူး။ ကျနော့်နယ်မြေမှာပေါ့လေ။ တခြားတပ်မှာတော့ ကျနော်ပြောမတတ်ဘူး။

မေး။ ။ အခုစစ်ရေးနည်းနဲ့ ဗိုလ်မှူးချုပ်အုပ်ချုပ်နေတဲ့ကာလမှာ အားလုံးတပ်မှူးတွေ၊ ဘာတွေအနေနဲ့ရော ဗိုလ်မှူးချုပ် ပြောတဲ့အတိုင်း နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဦးစားပေးလိုတယ်။ စစ်ရေးနည်းကတော့ ပြည်သူလူထုနဲ့ ကိုယ့်တပ်ကို ခုခံကာကွယ်ဖို့အတွက်ပဲ ထားမယ်။ လိုအပ်ရင်တော့ တိုက်ပွဲဖြစ်ရင် ပြန်ပစ်မယ်ဆိုတဲ့မူကို လက်ခံတဲ့သူရှိသလား။ ဒါမှမဟုတ်လည်း စစ်ရေးနည်းနဲ့ပဲ ရန်သူကို ထိုးစစ်ဆင်ပြီး တိုက်ချင်တယ်ဆိုတဲ့အပိုင်းနဲ့ ဘာဟာက ပိုများပါသလဲ။

ဖြေ။ ။ အခုဟာက နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းမယ်ဆိုတာကို ကျနော့်လူတွေအားလုံးက လက်ခံပါတယ်။ တကယ်လို့ စစ်ရေးထိုးရမယ်ဆိုလည်း ပြန်လုပ်ရမှာပဲ။ ဒါကကြိုတင်ပြောလို့မရဘူးလေ။ တကယ်လို့ သူတို့အရင် စစ်ထိုးလာရင် ကျနော်တို့လည်း တတ်နိုင်သမျှပြန်လုပ်ရမှာပေါ့လေ။

မေး။ ။ အင်အားအနေနဲ့ မွေးထုတ်တဲ့အခါမှာ နောက်လူငယ်တွေအတွက် အခြေခံစစ်သင်တန်းတို့ဘာတို့ သင်တန်းနဲ့ ပတ်သက်လို့ ဘာတွေပြင်ဆင်ထားလဲခင်ဗျ။ စစ်သင်တန်းနဲ့ပတ်သက်လို့ နောင်မျိုးဆက်သစ်တွေပိုပြီးတော့ စစ်ရေး အတွေ့အကြုံ ကြွယ်ဝအောင်ပေါ့လေ။

ဖြေ။ ။ ကျနော်တို့ဘက်ကလား။ အခု အသိပညာပေးထားတယ်။ သင်တန်းဖွင့်ထားတယ်။ အမျိုးမျိုးပေါ့။ နောက်မျိုး ဆက်သစ်လူငယ်တွေကိုလည်း ပြောတယ်။ သမိုင်းပေးတာဝန်တော့ လုပ်ရမယ်။ အားလုံးပြင်ဆင်ထားတယ်။ အခုလောလောဆယ် ကျနော်တို့အင်အား အာဏာရှင်ထက် နည်းတယ်။ ဒါပေမယ့် တရားသောစစ် တနေ့တော့ အောင်မြင်ရမယ်။ ဘယ်လောက်ပဲ အင်အားကြီးကြီး၊ လက်နက်ဘယ်လောက်ကောင်းကောင်းပေါ့လေ အားမငယ်နဲ့။ တနေ့ကျရင် တရားသောစစ် အောင်မြင်ရမယ်။ တော်လှန်ရေးဆိုတာ တနေ့ကျရင်ပြည်သူလူထုသိလာမယ်။ ထောက်ခံလာမယ်ဆိုရင် ပြည်သူလူထုနဲ့လက်တွဲပြီး၊ ဒီမိုကရေစီအဖွဲ့အစည်းအားလုံးနဲ့ ညီညီညွတ်ညွတ် လုပ်ကြမယ် ဆိုရင် တနေ့ကျ ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို ရရမယ်။

မေး။ ။ တကယ်တော့ ကေအန်ယူဆိုတာ ကေအန်အယ်လ်အေပဲ။ ကေအန်အယ်လ်အေ ဆိုတာ လက်နက်ကိုင် တိုက်နေပေမယ့်လို့ အနောက်နိုင်ငံတွေ အမေရိကန်ပြောသလို အကြမ်းဖက်တာမဟုတ်ဘူး။ ကိုယ့်လူမျိုးရဲ့ အခွင့်အရေးကိုကာကွယ်ဖို့နဲ့ စစ်အစိုးရဘက်က တပ်တွေ မစော်ကားဖို့အတွက်ကို လက်နက်ကိုင်ထားတာဖြစ်တယ်။ အဲဒီအတွက်ဆိုလို့ရှိရင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကေအန်ယူဖြစ်စေ၊ ကေအန်အယ်လ်အေဖြစ်စေ၊
နောက်ထပ်ရန်ပုံငွေ ပံ့ပိုးပေးချင်အောင်၊ ဘာပြောချင်ပါသေးလဲခင်ဗျာ။

ဖြေ။ ။ အခု ကျနော့် ကေအန်အယ်လ်အေက ကေအန်ယူရဲ့ နိုင်ငံရေးအောက်မှာပေါ့။ ကျနော်တို့က ကိုယ့်လူမျိုး၊ ကိုယ့်လူထုတွေကို ပစ်သတ်၊ သတ်ဖြတ်တာကို မခံနိုင်လို့ ကျနော်တို့လက်နက်ကိုင်ပြီး လူထုကို ကာကွယ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပဲဆိုတော့ သူတို့စေတနာရှိရင် ရှိသလောက် ပေးလို့ရတာပေါ့လေ။

စစ်ရေးမဟာမိတ်အဖွဲ့အခြေအနေ

မေး။ ။ ကျနော်မှတ်မိတာ လွန်ခဲ့တဲ့ (၅) နှစ်ဝန်းကျင်လောက်က ကေအန်ယူအပါအဝင် လက်နက်ကိုင် နယ်စပ်က အဖွဲ့ (၅) ဖွဲ့၊ (၆) ဖွဲ့လား တခုဖွဲ့ထားတယ်လေ။

ဖြေ။ ။ စစ်ရေးမဟာမိတ်။

မေး။ ။ စစ်ရေးမဟာမိတ်ကရော အခုထက်ထိရှိသေးလား။

ဖြေ။ ။ ရှိတယ်။

မေး။ ။ စစ်ရေးမဟာမိတ်အဖွဲ့အနေနဲ့ရော လေး-ငါးနှစ်အတွင်းမှာ ဘယ်လိုများထူးထူးခြားခြားလုပ်နိုင်ခဲ့လဲ။ ဒီမိုကရေ စီအရေး၊ စစ်အစိုးရကို ဆန့်ကျင်ရေးနဲ့ပတ်သက်လို့ပေါ့။

ဖြေ။ ။ စစ်ရေးမဟာမိတ်အဖွဲ့က ကျနော်တို့ ကေအန်အယ်လ်အေ ဗဟိုဌာနချုပ်မှာပဲတာဝန်ရှိတယ်။ အခုလောလော ဆယ်တော့ ဒီမှာ လာပူးပေါင်းတဲ့ အဖွဲ့တော့ အခြေအနေအရ စောင့်ကြည့်ရမှာပဲ။ ကျနော်တို့ နယ်မြေလာတော့ ကျနော်တို့ အခြေအနေပေါ်မှာပဲ သူတို့ လိုက်နာရမှာပေါ့။

မေး။ ။ မြန်မာနိုင်ငံမှာရှိတဲ့ ကရင်အသိုင်းအဝန်း၊ နောက် နိုင်ငံခြားမှာ ရောက်နေတဲ့ ကရင်အမျိုးသား အသိုင်းအဝန်း တွေကို တပ်မ (၇) တာဝန်ခံအနေနဲ့ ဗိုလ်မှူးချုပ်ဂျော်နီ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး၊ ပြည်သူလူထုအားလုံး၊ ကရင်ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ အားလုံး ဒီအာဏာရှင်ပြုတ်ကျအောင် လူတိုင်းတာဝန်ရှိတယ်။ နိုင်ငံခြားရောက်တဲ့ ကရင်တွေဖြစ်စေ၊ တိုင်းရင်းသား အားလုံးပေါ့။ အားမငယ်ပါနဲ့။ အာဏာရှင်ဆိုတာခေတ်မရှိတော့ဘူး။ အဓိကကတော့ ညီညွတ်ဖို့ပဲ။ စည်းလုံးမှုဟာ အင်အားပဲ။ တနေ့ကျ ပြည်သူကလက်တွဲလာရင် မကြာတဲ့ကာလမှာ စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာပဲ။ တတ်နိုင်တဲ့ဘက်က ကျနော်တို့လည်း ကူညီမှာပဲ။ အခု ကျနော်တို့အသေခံတာ အဖိနှိပ်ခံ တိုင်းရင်းသား အားလုံးအတွက်၊ ဒီအတွက်ချည်းပဲ မဟုတ်ဘဲနဲ့ မြန်မာပြည်မှာရှိတဲ့ လူထုလူတန်းစား တိုင်းရင်းသား အားလုံးအတွက်ပဲ ကျနော်တို့ ကေအန်ယူက မားမားမတ်မတ်ရပ်တည်နေမှာပဲ။
Type your summary here.

Type the rest of your post here.
Wednesday, September 10, 2008

ဘာသာရေးနဲ့ မဆိုင်တဲ့ ကရင့်လက်ချည်(ချည်ဖြူဖွဲ့ )ပွဲ


ဒီအကြောင်းရေးဖို့  စိတ်ကူးရလာတာကလည်း တိုက်ဆိုင်မှုတခုကနေပါ။ ကျနော် သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ကျောင်းသွားအပ်တဲ့ရက်ကပေါ့။ သူတို့ နှစ်ယောက်စလုံးဟာ ကရင်အမျိုးသားတွေပါပဲ။ အဲဒီနေ့ က တယောက်သောသူငယ်ချင်းက ကျနော်တို့ ရထားစီးတဲ့အချိန်မှာ ပြောလိုက်တဲ့စကားတခုကြောင့် ဒီအကြောင်းကို ရေးရခြင်းဖြစ်ပါတယ်။ အဲဒီနေ့ ရထားပေါ်မှာ ဟိုအကြောင်းဒီအကြောင်းပြောကြရင်း အဲဒီသူငယ်ချင်းက သူ့ လက်ထဲက ချည်ဖြူကို ကျနော်တို့ တွေကို ပြတယ်။ ကျနော်လည်း ဘာမှန်းမသိတော့ ဘာမှတော့ ပြန်မမေးဖြစ်ပါဘူး။ အသိအမှတ်ပြုတဲ့အနေနဲ့ တော့ တချက်လေး ပြုံးပြလိုက်တယ်။ သူ့ လက်ထဲက ချည်ဖြူဆိုတာကလည်း ဒီနှစ်ကရင်လက်ချည်ပွဲမှာ ချည်ထားတဲ့ ချည်ဖြူမဟုတ်လား။ ကျနော်တို့ အတူတူပဲ သွားခဲ့ကြပါတယ်။ အဲဒါနဲ့ မပြီးသေးဘူး။ သူကဘာဆက်ပြောလဲဆိုတော့ ဒီချည်ဖြူကြောင့် ကျနော်ဘာသာရေးဆရာနဲ့  ရန်ဖြစ်ခဲ့ရပြီတဲ့။----ကျနော်လည်း အလွန်အံ့သြသွားပါတယ်။ ဘာလို့ ဒီလိုဖြစ်ရပါလိမ့်။ ကရင်လက်ချည်ပွဲဟာ ရိုးရာပွဲ၊ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ပွဲမဟုတ်လား။ သူလည်းပဲ ကျနော့လိုမျိုးပါပဲ။ ဘာသာရေးနဲ့ မဆိုင်တဲ့အကြောင်း ကျနော့ကို ဆက်ပြောသွားပါသေးတယ်။ ဒါကြောင့်ဒီအကြောင်းကို ရေးရတာပါ။

ဘာသာရေးနဲ့ မဆိုင်
တကယ်တော့ ကရင့်လက်ချည်ပွဲဟာ ကရင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ရိုးရာအစဉ်အလာတခုပါ။ ဘာသာရေးတွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။ အထောက်အထားတွေနဲ့ သက်သေပြလို့ ရပါတယ်။ ကရင့်လက်ချည်ပွဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကရင်တွေ အောက်ပြည်အောက်ရွာဆင်းပြီး ရေကြည်ရာမြက်နုရာကို ရှာဖွေတဲ့အချိန်ကတည်းက စတင်ခဲ့တယ်ဆိုတာ သမိုင်ပညာရှင်အများအပြားက သက်သေပြခဲ့ပြီးပါပြီး။ အဲဒီအချိန်က ကရင်တွေဟာ ဘယ်ဘာသာကိုမှ ယုံကြည်ကိုးကွယ်မှု မရှိသေးပါဘူး။ တကယ်တော့ ကရင့်သမိုင်းကို သေသေချာချာလေ့လာကြမယ်ဆိုရင် ဘာသာရေးနဲ့ ဆက်စပ်မှုမရှိတာကို ရှင်းရှင်းဘွင်းဘွင်း မြင်ရမှာဖြစ်ပါတယ်။ လက်ချည်ပွဲရဲ့ အနှစ်သာရဟာလည်း ရိုးရာအစဉ်အလာတခုသာဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှားမြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ လက်ချည်ပွဲမှာပါဝင်တဲ့အရာတွေ (ဥပမာ-ငှက်ပျောသီး၊ ထမင်းဆုပ်၊ ချည်ဖြူ)စတာတွေဟာ အနှစ်သာရအမျိုးမျိုးနဲ့ ဖွင့်ဆိုထားတာ ရှိပါတယ်။ ချည်ဖြူကို လက်မှာ ချည်ထားရတဲ့အကြောင်းကလည်း ကရင်အမျိုးသားအချင်းချင်း မကွဲမပြားစေရန်နဲ့  ပြန်တွေ့ ကြတဲ့အခါမှာ မိမိတို့ ဟာ ကရင်များဖြစ်ကြောင်း အမှတ်ရကြစေရန်အတွက် လက်မှာ ပတ်ထားစေတဲ့ အစဉ်အလာတခုဖြစ်ပါတယ်။

အထင်လွဲစေနိုင်တဲ့ အကြောင်းတခု
ကျနော်အထင်အရဆိုရင် ကရင့်လက်ချည်ပွဲကို ထိမ်းသိမ်းသူအများစုဟာ အများအားဖြင့်တော့ အရှေ့ ပိုးကရင်များ ဖြစ်ပါတယ်။ အရှေ့ ပိုးကရင်အများစုဟာလည်း ဗုဒဓ်ဘာသာဝင်များဖြစ်ပါတယ်။ ဒါကြောင့်လက်ချည်ပွဲအခမ်းအနားများကို ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်လေ့ရှိပါတယ်။ တခါတလေ သူတို့ ယုံကြည်လေးစားတဲ့ ဘုန်းတော်ကြီးများကိုယ်တိုင် ဦးဆောင်ကူညီတတ်ကြပါတယ်။ အဲဒီလိုမျိုးအခြေအနေမှာ ကွက်ကွက်ကွင်းကွင်းသေသေချာချာမလေ့လာမိသူများအတွက် ဘာသာရေးပွဲ၊ အရှေ့ ပိုးကရင်ပွဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ ဘုန်းကြီးကျောင်းမှာ လုပ်ရတာကလည်း လူစုလူဝေးနိုင်အောင်နဲ့  အခမ်းအနားပြုလုပ်နိုင်တဲ့နေရာတခု ရရှိဖို့ အတွက်ပါပဲ။ ဘာသာရေးနဲ့ ဆက်နွယ်ပြီးတော့ ဘုန်းကြီးကျောင်းမှာ လုပ်တာမဟုတ်ပါဘူး။ ဘုန်းတော်ကြီးတွေ ဦးဆောင်ရတာကလည်း လူအများရဲ့ ယုံကြည်လေးစားမှုကို ခံရလို့ ဦးဆောင်စေတာ ဖြစ်ပါတယ်။ နောက်တခုဆိုရင် ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ခြေက ပိုးကရင်ရွာတရွာရှိပါတယ်။ တရွာလုံးက ခရာဇ်ယာန်တွေပါ။ ဒါပေမယ့် လက်ချည်ပွဲကို နှစ်စဉ်ပြုလုပ်ခဲ့ကြတယ်။ သူတို့ ရဲ့ ဘုရားကျောင်းမှာလုပ်သလို သူတို့ ဘာသာရေးဆရာကိုယ်တိုင် ဦးဆောင်ပြီးလုပ်ပါတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့်လည်း ဘာသာရေးနဲ့ မဆိုင်တာကို သိနိုင်ပါတယ်။ ဗုဒဓ်တရားတော်ထဲမှာလည်း လက်ချည်ပွဲနဲ့ ပတ်သက်ပြီး ဟောထားတာလည်းမရှိပါဘူး။ ဗုဒဓ်ဘာသာကိုးကွယ်တဲ့ တခြားလူမျိုးတွေ အများကြီးရှိပါတယ်။ လက်ချည်တာမတွေ့ ဖူးသေးပါဘူး။
ကရင်တိုင်းကိုယ့်သမိုင်းကို လေ့လာရန်လို
ကျနော်နောက်ဆုံးပြောချင်တာက အားလုံးသောကရင်အမျိုးသားများ ကိုယ့်သမိုင်းကို သေသေချာချာလေ့လာကြပါ။ နောက်တခုကလည်း ကရင်တွေဟာ နေရာဒေသ၊ ယုံကြည်မှု၊ အယူအဆအမျိုးမျိုးကွဲပြားမှုတွေ ရှိခဲ့ကြတယ်။ ဒီလက်ချည်ပွဲတခုကို အမြင်ချင်းမတူကြရင်လည်း များပြားနေပြီဖြစ်တဲ့ အယူအဆရေးရာတွေထဲကို တခုထပ်ထည့်ပေါင်းလိုက်သလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ချည်ပွဲကြောင့် အမြင်ချင်းကွဲပြားပြီး အက်ကြောင်းကြီးတခု ဖြစ်မလာစေချင်ပါဘူး။ ကရင်တမျိုးသားလုံး အားလုံးနားလည်သဘောပေါက်စေချင်တဲ့စေတနာနဲ့ ကိုယ့်ရဲ့လေ့လာမှုလေးတွေနဲ့ အတူ ဒီဆောင်ပါးလေးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ဒီဆောင်းပါးက ကိုယ့်ရဲ့ ထင်မြင်ချက်ကို ရေးထားပါတယ်။ ကရင့်လက်ချည်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တယ်ဆိုရင်လည်း နွေးထွေးစွာ ကြိုဆိုနေပါတယ်။
အဲခေါင်သောင့်


Type your summary here.

Type the rest of your post here.
Sunday, September 7, 2008

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်သားသစ်များ၏ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနား




Photo-Khitpyaing
ကေအဲန်ယူရဲ့ လက်နက်ကိုင်တပ်တခုဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၇ရဲ့ တပ်သားသစ်သင် တန်းဆင်းပွဲကို သြဂုတ်လ ၈ရက်နေ့ မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါသင်တန်းဆင်းပွဲသို့  တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ ဖားအံခရိုင်မှ ပဒိုစောအားတိုး၊ ကေအဲန်ယူခေါင်း ဆောင်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့ကြပါတယ်။
တပ်မဟာ ၇ဟာ ကေအဲန်ယူတပ်မဟာများထဲတွင် အင်အားအတောင့်တင်းဆုံးနဲ့ တိုက်စွမ်းရည်အကောင်းဆုံး အဖြစ် ပြောစမှတ်ပြုခဲ့ ကြတဲ့ တပ်မဟာတခုလည်း ဖြစ်ပါတယ်။
ယခင်နှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့ က နအဖရဲ့ သွေးခွဲမှုကြောင့် တပ်မဟာ ၇မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်ထင်မောင်အပါအ၀င် တပ်မဟာ ၇ရဲဘော်အချို့  နအဖနဲ့ ပူးပေါင်းခဲ့ကြပါတယ်။
သို့ သော် အများစုသော ရဲဘော်အများစုဟာ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေးအတွက် တပ်မဟာ ၇တွင် ဆက်လက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
တပ်မဟာ ၇မှ ခွဲထွက်ခဲ့တဲ့ ဗိုလ်မှူးချုပ်ထင်မောင်ဟာ ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးအဖွဲ့ ကို ဖွဲ့ ကာ ကရင် ပြည်နယ်ရှိ ထော့ကိုကိုးဒေသမှာ အခြေချနေထိုင်ပါတယ်။အဆိုပါနေရာဟာ ကေအဲန်ယူကရင့်ခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခဲ့တဲ့ သမိုင်းဝင်နေရာတခုလည်း ဖြစ်ပါတယ်။
လမ်းမှားရောက်ပြီး အမြင်ပြန်ရလာတဲ့ ရဲဘော်တချို့ ဟာလည်း ငြိမ်းချမ်းရေးကောင်စီမှ ကျောခိုင်းကာ တပ်မဟာ ၇တွင် ပြန် လည်ခိုလှုံသူများလည်း အများအပြားရှိပါတယ်။
အဲခေါင်သောင့်

ကာတွန်း



Type the rest of your post here.