Saturday, January 31, 2009

နှစ် ၆၀ပြည့် ကရင်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ

ယနေ့ကျရောက်သည့် နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ထိန်းချုပ်ရာ တပ်မဟာ (၇) နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ မဟာမိတ်အင်အားစုများ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့က တက်ရောက်ခဲ့ကြသည်။



အဆိုပါအခမ်းအနားတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကဘောက ၂၀၁၀ တွင် စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကျနော်တို့အနေနဲ့က ၂၀၁၀ ရွေးကောက်ပွဲကို မလုပ်ဖို့၊ နအဖက သူရဲ့အာဏာ ဆက်လက်တည်မြဲရေးအတွက် ပုံစံတမျိုးနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်၊ ကျနော်တို့အနေနဲ့က လုံးဝ လက်မခံပါဘူး၊ အစကတည်းကလဲ သူတို့ လမ်းပြမြေပုံတခုလုံးကို လက်ခံခဲ့တာမဟုတ်ပါဘူး၊ အဓိကက ကျနော်တို့ ဒီ တွေ့ဆုံဆွေးနွေးရေးကို အတိုက်အခံ အင်အားစုတွေအားလုံးနဲ့ လုပ်ပြီး ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု ပဒိုဒေးဗစ်သာကဘောက ပြောသည်။

ကရင်တော်လှန်းရေး ဖြတ်သန်းခဲ့ရပုံနှင့်ပတ်သက်၍ အောင်မြင်မှုများကို ကြည့်မည်ဆိုပါက ယနေ့တိုင် အားကောင်းနေလျှက်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဖဆပလ လက်ထပ်ကတည်းက နှစ်နှစ်အတွင်းချေမှုန်းမယ်တို့ ဘာတို့ သူတို့ပြောလာခဲ့တာ အခုချိန်ထိ ကရင့်တော်လှန်ရေးဟာ ရှိမြဲရှိနေတုန်း အားကောင်းလျှက်ပဲ ရှိနေပါတယ်၊ နိုင်ငံရေးဟာလည်း အားကောင်းလာပါတယ်၊ ဖဆပလလည်း ပြုတ်ကျသွားပြီ၊ ပထစအစိုးရလဲ ပြုတ်ကျသွားပြီ၊ နေဝင်း မဆလအစိုးရလဲ ပြုတ်ကျသွားပြီ၊ နောက် နအဖကလဲ သူတို့အတွင်းမှာတင် ပြဿနာတက်ပြီ” ဟု သူက ပြောသည်။

ကရင့်တော်လှန်ရေးသည် ကရင်လူထုတရပ်လုံးနှင့်အတူ မြန်မာပြည်သူများအားလုံး၏ တော်လှန်ရေးဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကရင်လူထုတရပ်လုံးနှင့် မြန်မာပြည်သူအားလုံး ပူးပေါင်းပြီး နအဖစစ်အာဏာရှင် ပြုတ်ကျရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်သွားရန်ကို တောင်းဆိုကြောင်း ဇိုယာဖန်းက ပြောသည်။

“ကျမတို့တော်လှန်ရေး မအောာင်မြင်သေးတာက ကျမတို့ ညံ့လို့မဟုတ်သလို ရန်သူကတော်နေလို့လည်း မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရော ဒီမိုကရေစီအင်အားစုတွေရော ဒီထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုမယ်ထင်ပါတယ်၊ လူထုတွေကိုလဲ ထိထိရောက်ရောက် စည်းရုံးဖို့လိုတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရတွေကိုလဲ ဖိအားပေးဖို့ စည်းရုံးလုပ်ဆောင်ရမယ်” ဟု ၎င်းက ပြောသည်။

ကရင့်အမျိုးသားတပ်မတော်မှ ခွဲထွက်သွားပြီး နအဖနှင့် ငြိမ်းချမ်းရေးလုပ်ထားသည့် ဒီကေဘီအေအဖွဲ့များ ဖြစ်ပေါ်လာခြင်းကိုကြည့်လျှင် ကရင်လူမျိုးများ စည်းလုံးညီညွတ်မှု အားနည်းနေခြင်းကြောင့်ဖြစ်သည်ဟု ဇိုယာဖန်းက ဆက်ပြောသည်။

ထို့အပြင် ကရင်အမျိုးသားတပ်မတော်မှ စစ်သည်တဦးက “ကရင့်တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်ပါတယ်၊ ဘာကြောင့် ကျနော်တို့ မျှော်လင့်ရတာလဲဆိုတော့ စစ်မှန်တဲ့တရားကို ကိုင်စွဲပြီးတော့မှ ဒီတော်လှန်ရေးကို ဆင်နွှဲတယ်၊ ကျနော် ကရင်စစ်သားတယောက်အနေနဲ့ အမှန်တရားကို ချစ်မြတ်နိုးတယ်၊ အမှန်တရားကို ကိုင်စွဲတိုက်ပွဲဝင်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို အောင်မြင်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။

ကရင့်အမျိုးသားတော်လှန်းရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ပြီး တိုင်းရင်းသားတန်းတူညီရေးအတွက် ကရင့်ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် မူများအတိုင်း ဆက်လက်တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
Saturday, 31 January 2009 21:36 ရိုးမ ၃

နှစ် ၆၀ပြည့် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုဆောင်းပါး

ကျော်အဲခေါင်သောင့်(အယ်ကော်)၊ ဇန်န၀ါရီ ၃၁၊ ၂၀၀၉ခုနှစ်
ကရင်တမျိုးသားလုံး တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးစတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရရှိအောင် တိုက်ယူခဲ့တာ ယခုနှစ်ဆိုလျှင် အနှစ် ၆၀တင်းတင်းကို ပြည့်သွားပါပြီ။တကယ်တော့ ကရင်တမျိုးသားလုံရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်းတောင်းယူခဲ့ပေမယ့်လည်း လိုချင်ရင်တိုက်ယူဆိုတဲ့ ပြည်တွင်းစစ်ကို စတင်မီးမွေးခဲ့သူ မဟာလူမျိုးကြီး စစ်ဝါဒီတွေရဲ့ စိန်ခေါ်မှုကြောင့်သာလျှင် မလွဲမရှောင်သာပဲ လက်နက်စွဲကိုင် တော်လှန်ရခြင်း ဖြစ်ပါတယ်။

ကရင်လူမျိုးများဟာ ရာစုနှစ်ပေါင်းများစွာကတည်းက အေးအေးချမ်းချမ်းနဲ့ နေထိုင်လာခဲ့တဲ့ လူမျိုးတမျိုးဖြစ်တယ်ဆိုတာ သမိုင်း အထောက်အထားများစွာက သက်သေပြနေတာကို တွေ့ရပါတယ်။ အေးအေးချမ်းချမ်းနဲ့နေထိုင်လာခဲ့တဲ့ လူမျိုးတမျိုးဟာ အလွန်အ ကျွံမဟုတ်သော ၄င်းတို့ရဲ့ရပိုင်ခွင့်များကို တောင်းဆိုတဲ့အချိန်ကစပြီး အပြင်းထန်ဆုံးသောနှိမ်နင်းမှုများကို ခံရတဲ့အပြင် တချက် ထိုးလျှင် နှစ်ချက်ပြန်ထိုးမည်၊ စတဲ့ ခြိမ်းခြောက်မှုကို ခံရပြီး လူမျိုးတမျိုးရဲ့ ခံစားထိုက်တဲ့အခွင့်အရေး တောင်းဆိုမှုများ ဟာလည်း နင်းချေဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။

ဒါကြောင့်လည်း ကရင်အမျိုးသားများရဲ့ စည်းစိမ်းဥစ္စာများ ကာကွယ်စောင့်ရှောက်ရန်နှင့် ဘောင်အတွင်းမှ တောင်းယူမရနိုင်တဲ့ အခွင့်အရေးများအတွက် လက်နက်ကိုင် ခုခံတွန်းလှန်စစ်ကို ဆင်နွဲခဲ့ကြရပါတယ်။ ခုခံတွန်းလှန်စစ်ဟာ အနှစ် ၆၀ထဲကို ချည်းနင်း ၀င်ရောက်သွားခဲ့သော်လည်း မိမိတို့ရဲ့ အခွင့်အရေးတွေကို ရရှိခံစားရခြင်း မရှိသေးပါဘူး။ မိမိတို့ရဲ့ရပိုင်ခွင့်အတွက် အလွန်ကြီးမား တဲ့ အသက်၊ သွေး၊ ချွေးအမြောက်အများကို ပေးဆပ်ခဲ့ရပြီဖြစ်ပါတယ်။

အာဏာရှင်အဆက်ဆက်မှလည်း ၄င်းတို့ရဲ့ လုပ်ဆောင်မှုများကို ပြည်လည်သုံးသပ်မှုများ မပြုလုပ်ခဲ့ကြတဲ့အပြင် ကရင်တော်လှန် ရေးကို ကိုယ်စားပြုတဲ့(ကေအဲန်ယူ)အဖွဲ့ရဲ့ စားပွဲဝိုင်းပေါ်ဆွေးနွေးရေး ကမ်းလှမ်းမှုများကိုလည်း အကြိမ်ကြိမ်ရိုက်ချိုးဖျက်ဆီးခဲ့ကြ ပါတယ်။ တဖက်မှာလည်း သူခိုးက လူဟစ်သလိုမျိုး ကရင့်တော်လှန်ရေးအဖွဲ့(ကေအဲန်ယူ)က ငြိမ်းချမ်းရေးကို မလိုလားသလိုလို လုပ်ကြံဝါဒဖြန့်ပြီး အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားဆိုတဲ့ နည်းဗျူဟာနဲ့အညီ ကရင်တော်လှန်ရေးကို အမျိုးမျိုးထိုး ခွဲခဲ့ကြပါတယ်။

ဒါကြောင့်လည်း ကရင့်တော်လှန်ရေးတလျှောက်လုံးမှာ စိတ်ဓါတ်မခိုင်မာသူ၊ တော်လှန်ရေးသဘောတရားကို ခရေတွင်းစေ့ လေ့လာထားမှုမရှိသူ၊ ကိုယ်ကျိုးသမားတချို့ အာဏာရှင်တွေရဲ့ လက်ကွက်ထဲကို ရောက်ရှိသွားခဲ့ရပါတယ်။ တချို့ဆိုလျှင် တော်လှန်ရေးကို နှစ်ပေါင်းများစွာ ပေးဆပ်လုပ်ဆောင်ခဲ့ပြီးမှ အာဏာရှင်များရဲ့ လက်ကွက်တချို့ကြောင့် နောက်ဆုံးအာဏာရှင်များရဲ့ ခြေသလုံးကို ဖက်ကာ ၄င်းတို့ရဲ့တော်လှန်ရေးသိက္ခာကို အဆိုးနဲ့ အဆုံးသတ်ခဲ့ကြရပါတယ်။ ဒါတွေကလည်း တန်းဖိုးဖြတ်မရနိုင်တဲ့ သမိုင်းပေးသင်ခန်းစာတွေဖြစ်ပါတယ်။

ဆက်ရေးပါအုံးမယ်။ အိပ်ချင်လို့ပါ။
ကျော်အဲခေါင်သောင့်

အဆိပ်မဲ့သစ်ပင်

အို-----အသင်သစ်ပင်
သင်ဟာ တို့တမျိုးသားလုံးအတွက် နားခိုရာ
မရှိမဖြစ်တဲ့ အရိပ်သစ်ပင်
အသင်ရဲ့ သက်တမ်းကား အိုမင်းရင့်ရော်ကာ
ဆယ်စုနှစ် ခြောက်ဆယ်ပြည့်မြောက်ပြီးဖြစ်လဲ
သင်ရဲ့ရွက်ဟောင်းများ ကြွေကျမြေခကျလဲ
မပြိုမလဲ ထီးထီးမားမားရပ်တည်နိုင်ဆဲ၊

ချစားနေတဲ့ ပင်စည်နဲ့
သင်ရဲ့ရေသောက်မြစ်တချို့ကြောင့်
အသင်မစိမ်းလန်းနိုင်ခဲ့ပေမယ့်
ကျိုးတိုးကျဲတဲ သင့်အရွက်တွေနဲ့
တို့တတွေ အရိပ်ခိုနားခွင့်ရခဲ့
အနာဂတ်မျှော်လင့်ချက်တွေ ရှင်သန်နိုင်ခဲ့။

ကိုယ့်ကိုယ်ကို သစ်သားမှန်းမသိတဲ့
သစ် သစ်ချင်းခုတ်တဲ့
ဇါတ်တူပုစိန်ရိုးတွေကြောင့်
အသင်ဟာ အင်အားချိနဲ့ခဲ့ရ
သင့်အကိုင်းအခက်တချို့အား
မက်လုံးပေးပြီး ခုတ်ဖြတ်သွားတဲ့
ကိုင်းဆက်သမားတွေကြောင့်
သင်ဟာ ရွက်နုတွေ မဝေဆာနိုင်ခဲ့

အသင့်အား သစ္စာဖေါက်ပြားပစ်ခွါသွားပြီး
လွင့်စင်သွားတဲ့သင့်ရဲ့မျိုးစေ့တို့သည်လည်း
မဟာမျိုးခြားပင်ရဲ့လောင်းရိပ်အောက်မှာ
အညှောင့်အစို့လေးတောင် မထောင်ထွက်နိုင်
လုံးပါးပါးကာ ကိုယ့်အရိပ်ကိုယ်လန့်နေကြရ
တေမိမင်းဝင်စားတဲ့ ငအတွေလို ဆွံ့အနေကြ။

သို့သော်----သင်ဟာ ထိုဒဏ်အပေါင်း
ခညောင်းရောက်ရှိလဲ ဂရုမမူ
လွတ်လပ်ခြင်းလမ်းကို လမ်းပြဆောင်သူ
အနာဂတ်မျိုးဆက်ရှင်သန်ရန်အရေး
လိုအပ်တဲ့အရိပ်ကောင်း သစ်တပင်အတွက်
အဆိပ်မဲ့တဲ့ လောင်းရိပ်တခု ဖန်တီးနိုင်ဖို့
သင်ထာဝရ ရှင်သန်နေရဦးမယ်
အို---အသင်သစ်ပင်

စအိုင်ခန့်(နှင်းခဲမြေ)
အနှစ်ခြောက်ဆယ်ပြည့် ကရင့်တော်လှန်ရေးနေ့သို့
Friday, January 23, 2009

နအဖစစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့များသို့ ပန်ကြားချက် အမှတ်(၁)

နအဖစစ်အုပ်စုနှင့် ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ဒီပန်ကြားချက်ကို မျှော်လင့်ချက်ကြီးစွာနဲ့ ရေးသားရခြင်းဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးစွာလို့ ရေးသားရခြင်းမှာ အောက်ပါမျှော်လင့်ချက်များကြောင့် ဖြစ်ပါတယ်။
(က) ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးက ဒီစစ်ဟာ အစနဲ့အဆုံးနဲ့ဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်။ ရဲဘော်တို့ သိထားပြီး ဖြစ်ပါတယ်။ ဒီစစ်ပွဲကို ကျနော်တို့ စတိုက်တာ မဟုတ်ပါဘူး။

၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်ပြီး ကရင်တမျိုးသားလုံးရဲ့ ဆန္ဒကို ဖော်ပြတဲ့အနေနဲ့ ပိုစတာ(၄)ချက်ကိုင်စွဲပြီး ပြည်လုံးကျွှတ်အသံတိတ်ဆန္ဒပြတယ်။ ရဲဘော်တို့ မှတ်မိကြမယ်လို့ ထင်တယ်။ ဒီပိုစတာ (၄)ချက်က ဘာလဲဆိုတော့။

(၁) ကရင်ပြည်ချက်ချင်းပေး
(၂) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
(၃) လူမျိုးရေးအဓိကရုန်း အလိုမရှိ။
(၄) ပြည်တွင်းစစ်အလိုမရှိလို့ ပိုစတာ(၄)ချက်က ဖော်ပြတယ်။

ကျနော်တို့ ကရင်တွေ အဲဒီတုန်းက ညီညွတ်လိုက်ကြတာများ လူဦးရေ (၅)သိန်းလောက် တပြည်လုံး ဆန္ဒပြကြတယ်၊ ကရင်အမျိုးသားလွတ်လပ်ရေး လိုချင်ကြောင်း၊ တန်းတူရေး လိုချင်ကြောင်း၊ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး လိုချင်ကြောင်း၊ ငြိမ်းချမ်းရေး လိုချင်ကြောင်း တခဲနက်ဖော်ပြကြတယ်။

ကျနော်တို့ လိုလားချက်တွေကို အေးအေးချမ်းချမ်းမပေးခဲ့ကြဘူး။ ကရင်ဗိုလ်ချုပ်ကြီး(စမစ်ဒွန်း)ကို ဖြုတ်ထုတ်ပြီး ကရင်ကို အစိတ်သားကောင်တောင် မထားနဲ့၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် မျိုးဖြုတ်ပစ်ဆိုတဲ့ စိတ်ထားရှိတဲ့ တက်သစ်စ စစ်ဦးစီးချုပ် (ဗိုလ်နေ၀င်း)ဟာ၊ စစ်ရေးစွမ်းရည်တွေ ပြလာပါတော့တယ်။

၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့မှာ အလုံကရင်ရပ်ကွက်ကို စတင်တိုက်ခိုက်ကြတယ်။ တဆက်ထဲ (ခ၀ဲခြံ)ကရင်ရပ်ကွက်ကို ဆက်တိုက်တယ်။ ဇန်န၀ါရီ(၃၁)ရက်နေ့မှာ အင်းစိန်ရှိ ကရင်အမျိုးသားများကို ဆက်လက်တိုက်ခိုက်လာတော့တယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကရင်လူမျိုးတည်တံ့ရေးတို့အတွက် ကရင်တမျိုးသားလုံးမှာ တာဝန်ရှိလာတဲ့အတွက် မြတ်တရားတဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွဲကြရတယ်ဆိုတာ ရဲဘော်တို့ သိထားပြီး ဖြစ်ပါတယ်။

၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့က စတင်ဖြစ်ပွားတဲ့ ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၀ပြည့်ပါတော့မယ်။ ဒီခုခံတော်လှန်စစ် နှစ်ပေါင်း (၆၀)အတွင်း ကျနော်တို့သွေးသားတွေ၊ မျိုးချစ်တွေ၊ သူရဲကောင်းတွေ အထောင်အသောင်း ကျဆုံးကုန်တယ်။ ဒုက္ခိတတွေ ဖြစ်ကုန်တယ်။ ဒီလိုကျဆုံးကြတဲ့ ကရင့်သူရဲကောင်းတွေကို ရဲဘော်တို့ သတိရအုံးမှာပါ။ ဟိုးတောင်ငူ(သောသီခို)က ဘိတ်၊ထားဝယ်ရှိ မြင့်မိုလက်ခတောင်တလျှောက်၊ ဒို့အမျိုးသားရန်သူတွေကို တက်ညီလက်ညီတိုက်ခဲ့ကြတာ ရဲဘော်တို့ မေ့ကြမယ်မထင်ဘူး။ မိုးကာတခုအောက်မှာ အတူအိပ်ခဲ့ကြတာတွေ ထမင်းတပန်းကန်ထဲစားခဲ့ကြတာတွေကို ခုအထိ မြင်နေမိတယ်။

(ငါးခူဟာငါးခူပဲ၊ ငါးရဲ့ မဖြစ်လာနိုင်သလို)ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲဖြစ်ဖြစ် (ကရင်ဟာ ကရင်ပဲ ဖြစ်ပါတယ်) တခြားလူမျိုးကရင်ကို ချစ်တယ်ဆိုတာ ကရင်အချင်းချင်းမုန်းသလောက်ပဲ ရှိပါတယ်။ ကျနော်တို့ ကရင်ညီအစ်ကိုတွေ တယောက်နဲ့ တယောက်ခွင့်လွတ်ကြပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲလမ်းမကြီးပေါ် လျှောက်လှမ်းဖို့ မျှော်လင့်တကြီးနဲ့ စောင့်နေမယ်။
ပြန်လာကြနော်။

နအဖစစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ၎ချက်ကို ရဲဘော်တို့ ကိုင်စွဲထားဆဲလို့ ရဲဘော်တို့ ပြောကြတယ်။ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ဒီ(၄)ချက်ကို မမေ့ရအောင် ထပ်လောင်းဖော်ပြလိုက်ပါတယ်။
(၁)ကရင်တွေ လက်နက်ချစကား မပြောရ။
(၂)ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃)ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။
(၄)ကရင်ပြည်ကို အသိအမှတ်ပြုရမယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော်တို့ နအဖစစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ (၁၅)နှစ် ရှိသွားပြီး ဖြစ်ပါတယ်။ ကရင်အမျိုးသားခေါင်းဆောင်ကြီး ချပေးခဲ့တဲ့ မူ(၄)ချက်ထဲက တခုခုရရှိခဲ့သလားဆိုတာ မေးချင်ပါတယ်။ ကရင်အမျိုးသားများရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ကရင်ပြည်ရရှိခဲ့ပြီးလား။ ကရင်အမျိုးသားများရဲ့ ကံကြမ္မာ ကရင်တွေ ဖန်တီးခွင့် ရှိကြပြီးလား။

ဒီ(၁၅)နှစ်အတွင်း ခေါင်းဆောင်ပိုင်းတွေ ကျိကျိတက် ချမ်းသာလာကြတယ်။ ကိုယ့်ကရင်တွေ ချမ်းသားလာလို့ ၀မ်းသာကြည်နူးရပါတယ်။ ကိုယ့်ကြမာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ကရင်ပြည်သာရမယ်ဆိုရင် ဘယ်လောက်ဝမ်းသာကြည်နူးဖို့ ကောင်းလိုက်မလဲနော်။

၂၀၁၀နောက်ပိုင်း ဒီကေဘီအေဆိုတဲ့ အမည်တွေ၊ အလံတွေ ပျောက်ပြီး နယ်ခြားစောင့်အဆင့်နဲ့ အခိုင်းခံဘ၀ရောက်ရတော့မယ်၊ ကိုယ့်ကြမာကိုယ်ဖန်တီးခွင့်ပျောက်ပြီး သူ့ကြမ္မာသူဖန်တီးယူတော့မှာဖြစ်တယ် ရဲဘော်တို့။ (ကရင့်သိက္ခာ၊ ကရင့်တန်ဘိုး)ငွေသာရှိပြီး (သိက္ခာမရှိနဲ့တန်ဘိုး) မဲ့နေရင် အသက်ရှင်လျှက် လေဖြတ်ပြီး ကိုယ်တခြမ်းသေနေတာနဲ့ တူနေပါပြီး။

ကရင့်သိက္ခာနဲ့ ကရင်တန်ဘိုးဆိုတာ ကိုယ့်ပြည်ကိုယ့်အစိုးရနဲ့ နေနိုင်မှ၊ သူ့ကျွှန်ဘ၀က လွတ်မြောက်မှ လူ့သိက္ခာ၊ လူ့တန်ဘိုးရှိတာ ဖြစ်တယ်။ တိုင်းပြည်မရှိတဲ့လူမျိုးဟာ ကျွှန်ဖြစ်တယ်။လို့ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကို ရဲဘော်တို့ မမေ့သေးဘူးလို့ ယူဆပါတယ်။

၂၀၁၀နောက်ပိုင်း ရဲဘော်တို့ နအဖစစ်အစိုးရရဲ့ စစ်ကျွှန်ဘ၀လုံးလုံးရောက်သွားကြတော့မယ်။ အခုလောက်လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့် ရပါ့အုံးမလား။ ကိုယ့်ကရင်လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့် ရှိပါ့ဦးမလား။ ကရင်နှစ်သစ်ကူးနေ့ကို ယခင်ကလို လွတ်လပ်စွာလုပိုင်ခွင့် ရပါ့ဦးမလား။

နအဖစစ်အုပ်စုရဲ့ (၄)လပတ်အစည်းအဝေးတခုမှာ နအဖစစ်အုပ်စုရဲ့ နံပါတ်(၁)ရန်သူဟာ (ကရင်)ဖြစ်တယ်။ ပြည်ပနံပါတ်(၁)ရန်သူဟာ ထိုင်းဖြစ်တယ်ဆိုတာ သိရတယ်။ ကရင့်တော်လှန်ရေးကို ဖြိုခွဲရာမှာ ရဲဘော်တို့ကို ဆက်လက်အသုံးချနေဦးမှာဖြစ်တယ်ဆိုတာ သိထားစေချင်တယ်။ ကရင်အချင်းချင်းပြန်သတ်ခိုင်းအုံးမှာ ဖြစ်တယ်။ ရဲဘော်တို့ကို ရှေ့က တက်ခိုင်းပြီး သူတို့က ကျည်လွတ်မြောက်ရာကနေ လက်နက်ကြီးနဲ့ ကူသတ်ပေးလာမယ်ဆိုတာ မြင်ထားတယ်။

နောက်တခေါက်မှ ဆက်ရေးပါအုံးမယ်။ ကရင်ခေါင်းဆောင်တွေဖြစ်တဲ့ စောဟန်တာသာမွေး၊ စောဝေသော၊ စောဝေရီကျော်၊ ဗိုလ်ချုပ်အုံးဖေ၊ ဗိုလ်မှူးချုပ်လင်းထင်တို့လို မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ကရင့်လွတ်လပ်ရေးအတွက် တတပ်တအားထမ်းဆောင်နိုင်ပါစေလို့ မျှော်လင်ချက်------
ကရင့်အလံတော်အောက် လာရောက်စုရုံးနိုင်ပါစေ။
ကရင်နှစ်သစ်ကူးပွဲတော်တွေ စုပေါင်းကျင်းပနိုင်ကြပါစေ။
ကရင့်လွတ်လပ်ရေး အတူရယူနိုင်ပါစေလို့ ဆုတောင်းပါတယ်။

တချိန်က သင်တို့နဲ့အတူ စစ်မြေပြင်မှာ ရန်သူကို ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တဲ့ သင်တို့ရဲ့ရဲဘော်
ဖူးကီးဒို

ပေးစာကို ပေးပို့ပေးတဲ့ ဖူးကီးဒိုအား အထူးကျေးဇူးတင်ရှိလျှက်
ကျော်အဲခေါင်သောင့်

ကိုးဒီသွေး(ကဗျာ)


ကဗျာပေးပို့ပေးခဲ့သူ စသန်းမြင့်ကို အထူးကျေးဇူးတင်လျှက်။
ကျော်အဲခေါင်သောင့်
Tuesday, January 20, 2009

ကရင့်ရင်ခွင်ရောက် နန်းအေးအေးငြိမ်းနှင့် နန်းအိအိငြိမ်း

မြူတိမ်ကင်းစင်တဲ့ နေ့တစ်နေ့….မနက်ခင်းတစ်ခုလုံး မိုးရိပ်မိုးငွေ့ဆို၍ ဘာကိုမျှ မတွေ့ရ..။ကောင်းကင်တစ်ခွင် မြေပြင်အနှံ့ သန့်ရှင်းကြည်လင်လျက် မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်ရင်ခွင်ဟာ နိုးထရွှန်းသစ်စ သလေးထိုင်ခုတ်ဖိုး မနက်ခင်းတွေတိုင်း လတ်လတ်ဆတ်ဆတ် သစ်သစ်လွင်လွင်။ ကမ်းလင့်ဆီးကြိုမှုအပြည့်၊ နွေးထွေးပျူငှါမှု တရက်တရောဖြင့်….။


နန်းအေးအေးငြိမ်းနှင့် နန်းအိအိငြိမ်းပုံ

ကျွန်တော် အဲဒီကိုရောက်တော့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီက လူကြီးတွေ စုံညီစွာရောက်နှင့်နေကြပြီ။ ကရင်သက္ကရာဇ် ၂၇၄၈-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပြက္ခဒိန်ထုတ်ဝေရန်အတွက် မော်ဒယ်သရုပ်ဆောင်မယ့် ကရင်မောင်မယ်များ၊ မိတ်ကပ်ဆရာမ၊ ဓာတ်ပုံဆရာ၊ ဒီဇိုင်းဆရာ၊ အ၀တ်အစားအပြင်အဆင်ဆရာမများအားလုံး တာဝန်ကိုယ်စီနှင့် ဘူမိနက်သန် ဆုံမှတ်တစ်ခုအောက်မှာ အားပြည့်အင်ပြည့်လုပ်ဆောင်နေကြတာ၊ တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှား၊ ကရင့်အယ်ဒီတာတစ်ဦးဖြစ်တဲ့ စောထော့ဗျော်က ကျွန်တော့်ကို အသက်(၆၀) ၀န်းကျင်ရှိ ကရင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးတယ်။ နန်းလှကျင် တဲ့။ ရင်ချင်းဆက်အမွှာ( Siamese twins) ညီအစ်မနှစ်ဦးဖြစ်တဲ့ နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်း တို့ရဲ့ မိခင်။ ကျွန်တော်ကတော့ အမိုး လို့ တရင်းတနှီး တလေးတစား ခေါ်လိုက်တယ်။
အမိုးနဲ့ကျွန်တော် စကားအနည်းငယ်ပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်းတို့နဲ့လည်း စကားဆက်ပြောဖြစ်ခဲ့တယ်။ အဲဒီအထိတော့ ကျွန်တော်ဒီစာစုလေးကိုရေးဖို့ ဆန္ဒ၊စိတ်ကူး အလျဉ်းမရှိးသေးပါဘူး။ ကျွန်တော်က သူတို့နှစ်ဦးရဲ့ ပညာရေးနဲ့ ၀ါသနာကိုပဲ မေးမိတယ်။ သူတို့နှစ်ယောက်က ကျွန်တော်မေးတဲ့ ပညာရေးနဲ့ ၀ါသနာတွေတင်မက ကရင်အမျိုးသားစကားလုံးတွေကိုပါ ထည့်ထည့်ပြီးဖြေတယ်။
သမီးက ကိုယ့်ကရင်အတွက်ဆိုရင် နံပါတ်တစ် ဆိုတဲ့နန်းအေးအေးငြိမ်းရဲ့စကားနဲ့ ကိုယ့်အမျိုးသားရေးအတွက် လာကူညီရတာ တကယ်ကျေနပ်တယ် ဆိုတဲ့ နန်းအိအိငြိမ်းရဲ့ စကားလုံးတွေဟာ ကျွန်တော့်ရင်ထဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဝင်သွားခဲ့ပါတယ်။အဲဒီတော့ ကျွန်တော်လည်း ကိုယ့်လူမျိုးအကြောင်း စိတ်ဝင်တစားပြောနေတဲ့ ကရင့်သမီးပျို အမွှာညီအစ်မနှစ်ဦးကို ကရင်မိဘပြည်သူများနဲ့ မိတ်ဆက်ပေးလိုစိတ် ဖြစ်ပေါ်လာတယ်။ ဒီလိုနဲ့ပဲ အလုပ်များနေတဲ့ နှစ်ကူး၊ ဗဟို အထွေထွေအတွင်းရေးမှူး စောလှထွန်းကို ခွင့်တောင်းပြီး တွေ့ဆုံမေးမြန်းဖြစ်တော့တယ်။ နောက်ဆုံးတော့ ကရင့်ရင်ခွင်ရောက် နန်းအေးအေးငြိမ်းနဲ့ နန်းအိအိငြိမ်း တို့ဟာ ကရင့်ကြေးမုံ ပုံပြင်ထဲ ရောက်ရှိတော့တာပေါ့။
ရင်ချင်းဆက်အမွှာညီအစ်မ နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့နဲ့ ကျွန်တော် စကားပြောဖြစ်တဲ့အကြောင်းလေးကို မတင်ပြမီ သူတို့နှစ်ဦးရဲ့ ကိုယ်ရေးဖြစ်စဉ်အချို့ကို လက်လှမ်းမှီသရွေ့ ရှာဖွေစုဆောင်းထားသည်ကို ဖေါ်ပြပေးလိုက်ပါတယ်။
၁၉၉၁-ခုနှစ်၊ ဇူလိုင်လ(၈) ရက်နေ့တွင် နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့၏ ကိုယ်ဝန်ကိုလွယ်ထားသော အသက်(၄၀) ၀န်းကျင်ရှိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်းစွန်းကျေးရွာအုပ်စု၊ ညောင်သာယာကျေးရွာနေ နန်းလှကျင်ဆိုသူ ကရင်တိုင်းရင်းသူတစ်ဦးဟာ ဘီးလင်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပါတယ်။
နေ့လည် (၁၁) နာရီပတ်ဝန်းကျင်လောက်မှာ တာဝန်ကျဆရာဝန် ဒေါက်တာဦးယဉ်ငြိမ်း၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်၊ မိခင်နှင့်ကလေး ဆရာဝန်ဒေါက်တာဦးမျိုးအောင်တို့သုံးဦးသား အသေးစိတ်စစ်ဆေးကြတယ်။နန်းလှကျင်က ရာသီသွေးထိန်ရက်ထက် သားအိမ်အမြင့်က ပိုမိုကြီးထွားနေခြင်း၊ ကလေး ခေါင်းနှစ်လုံး စမ်းသပ်မိခြင်း၊မိခင်မှာ သွေးအားနည်းနေသော်လည်း သွေးပေါင်ချိန်မြင့်နေခြင်း၊ ခြေခုံများအန်းနေခြင်းစတဲ့ လက္ခဏာတွေတွေ့ရလို့ အမွှာဖြစ်ရမယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ကြတယ်။
လူနာဒေါ်လှကျင်ဟာ ဆေးရုံမှာပဲ ချမ်းတုန်ပြီး ဖျားလာတယ်။ အဲဒီဒေသက ဖြစ်လေ့ဖြစ်ထရှိတဲ့ ငှက်ဖျားများလားလို့တောင် ဆရာဝန်ဒေါက်တာ ဦးယဉ်ငြိမ်းက စိုးရိမ်ခဲ့ရသေးတယ်။ လူနာကို ဆက်လက်ပြီး ဂရုတစိုက်ကုလိုက်တော့ အဖျားကျသွားပေမယ့် အနေအထိုင်က ပိုပြီး ခက်လာတယ်။ ထူးထူးခြားခြား သက်သာမလာဘူး။ ဒါကြောင့် ဆရာဝန်(၃)ဦးစလုံးက (ဂ-ဂ-၉၁) နေ့မှာ ကြိုတင်ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒါပေမယ့် ကြိုတင်လျာထားရက် မတိုင်မီ (၂-ဂ-၉၁)သောကြာနေ့မှာ နန်းလှကျင် ဗိုက်စနာလာတယ်။ နောက်တစ်နေ့ စနေ့နေမှာ ဗိုက်နာပိုစိတ်လာတယ်။ စနေ့နေညပိုင်းတစ်ညလုံးကိုတော့ တာဝန်ကျဆရာမ ဒေါ်စန်းယုဝေက ဂရုတစိုက်နဲ့ ညလုံးပေါက်ပြုစုတယ်။တနင်္ဂနွေနေ့မနက်ပိုင်း(၁၁) နာရီမထိုးခင်မှာ အဲဒီဆရာမကပဲ လူနာရဲ့အသေးစိတ်အခြေအနေကို စာအုပ်နဲ့အစီရင်ခံ တင်ပြတယ်။ ဒေါက်တာဒေါ်ဦးယဉ်ငြိမ်းက မြို့နယ်ဆရာဝန်ကြီးဒေါက်တာဒေါ် မြင့်မြင့်ကို ထပ်မံတင်ပြပြီး မနက်(၁၁)နာရီတိတိမှာ ခွဲစိတ်မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
သွေးလှူဖို့ဆန္ဒပြုထားတဲ့ ဘီးလင်းမြို့ ငြိမ်းချမ်းရိပ်မြုံဓမ္မာစရိယသင်တန်းကျောင်းက သံဃာတော်(၄)ပါးကလည်း သွေးလှူဖို့ အသင့်စောင့်ဆိုင်းပေးနေကြတယ်။နန်းလှကျင်ကို သွေး(၄)ပုလင်းသွင်းပေးခဲ့ပါတယ်။အဲဒီနေ့ (၄-ဂ-၉၁)တနင်္ဂနွေနေ့က ခွဲစိတ်မွေးဖွါးပေးခဲ့သော ဆရာဝန်နဲ့ဆရာမများအဖွဲ့ကတော့ ဒေါက်တာဦးယဉ်ငြိမ်းက ခွဲစိတ်မှုကို ဦးဆောင်တယ်။မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်က မေ့ဆေးပေးတယ်။ဒေါက်တာဦးမျိုးအောင်က ခွဲစိတ်မှုအကူ တာဝန်ယူတယ်။ခွဲစိတ်ခန်းထဲမှာ တခြားအကူအညီပေးကြတဲ့ ဆရာ၊ဆရာမများကတော့ ၀ါရင့်ဆရာမကြီး ဒေါ်စန္ဒာလွင်၊ အထွေထွေအလုပ်သမား ဒေါ်မွှေးကြိုင်၊ဒေါ်အေးအေးသိန်း၊ ဒေါ်အေးသန်း၊ဒေါ်ကြည်ပြုံးတို့ ဖြစ်ကြတယ်။
(ကျွန်တော် စကားပြောနေတဲ့အချိန်အထိတောင် နန်းလှကျင်ဟာ သူမကို ခွဲစိတ်မွေးဖွါးပေးခဲ့သော (သို့)အသက်သုံးသက်ကို ကယ်တင်ပေးခဲ့သော ဆရာဝန်များ၊ဆရာမများကို ကျေးဇူးတင်မဆုံးနိုင်ကြောင်း ထပ်ခါတလဲလဲပြောပြနေခဲ့တယ်။)
ည(၇း၀၀)နာရီလောက်မှာ ကျွန်မသတိရလာတယ်။အဲဒီတစ်ညပဲ မှတ်မှတ်ရရ ကျွန်မကလေးတွေနဲ့ အတူ နေခဲ့ရတယ်။ နောက်တနေ့တွေမှာတော့ လာကြည့်တဲ့လူတွေများ လို့ဆိုပြီး သီးသန့်ဆောင်မှာ ကလေးတွေကို ထားပေးပါတယ်။သူမ ခွဲစိတ်မွေးဖွားခဲ့ပုံ အတွေ့အကြုံများအား ကျွန်တော့်ကို နန်းလှကျင် ပြန်လည်ပြောပြနေတာပါ။ ထိုကဲ့သို့ (၄၅)မိနစ်ကြာ အောင်မြင်စွာ ခွဲစိတ်အပြီးမှာ ပြည်သူ့အချစ်တော်လေးများဖြစ်ကြတဲ့ နန်းအေးအေးငြိမ်းနှင့်နန်းအိအိငြိမ်းတို့ အမွှာနှစ်ဖော်လူ့ဘ၀ထဲကို ခက်ခက်ခဲခဲနဲ့ရောက်ရှိလာခဲ့ကြတယ်။မွေးကာစမှာပဲ နှစ်ဦးပေါင်းရဲ့ ကိုယ်လေးချိန်က (၁၅)ပေါင်ရှိခဲ့တယ်။
(၂၁-ဂ-၉၁)နေ့မှာ (၁၇)ရက်သားအရွယ် နန်းအေးအေးငြိမ်းနှင့် နန်းအိအိငြိမ်းတို့ကို ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်။ အဲဒီမှာ တာဝန်ကျသူနာပြုဆရာမလေးတွေက ပြုစုစောင့်ရှောက်ထားရင်းနဲ့ အသက်(၂)နှစ်ပြည့်ခါနီး၊၁၉၉၃-ဇူလိုင်လ(၂၅) ရက်မှာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးမောင်မောင်၊ ကထိက ဒေါက်တာဦးအောင်ကြည်နှင့်မေ့ဆေးဆရာဝန်ဒေါက်တာဒေါ်မြအေးကြူတို့ ပူးပေါင်းကြိုးပမ်းပြီး ရင်ဘတ်မှ ချက်အထိဆက်နေသော ရင်ချင်းဆက်နေမှုကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံဆေးပညာရှင်များ၏ အောင်မြင်မှုသမိုင်းမှတ်တိုင် စိုက်ပေးနိုင်ခဲ့သော နေ့တစ်နေ့လည်းဖြစ်ပါတယ်။
(နန်းအေးအေးငြိမ်းနှင့်နန်းအိအိငြိမ်းတို့သည် ၄င်းကလေးဆေးရုံ၏ ဆရာဝန်များရိပ်သာတွင် သီးသန့်ခန်းဖြင့်နေထိုင်ခဲ့ပြီး အသက်(၁၆)နှစ်အရွယ်(၂၆-၇-၂၀၀၇)ကြာသတေးနေ့တွင် အရွယ်ရောက်လာ၍ မိခင်နန်းလှကျင် ရင်ခွင်သို့ ပြန်လည်ရောက်လာခဲ့ပါတယ်။)
နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်း၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
၁။အမည်.. နန်းအေးအေးငြိမ်း
နန်းအိအိငြိမ်း
၂။အဖအမည်…. စောငြိမ်းကို
၃။အမိအမည်… နန်းလှကျင်
၎။မိဘနှစ်ပါး၏နေရပ်… ညောင်သာယာကျေးရွာ၊ တောင်းစွန်းအုပ်စု၊ ဘီးလင်းမြို့နယ်၊
မွန်ပြည်နယ်။
၅။လူမျိုး ကရင်(ပိုး-အရှေ့)
၆။ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
၇။ညီအစ်ကို မောင်နှမများ… အစ်ကိုကြီး စောအောင်ကိုဦး၊အစ်မ နန်းစမ်းလှသင်း
၈။ပညာအရည်အချင်း.. နန်းအေးအေးငြိမ်း(ဒဿမတန်း၊အီကို)
` နန်းအိအိငြိမ်း(ဒဿမတန်း၊ဘိုင်အို)
၉။လက်ရှိနေရပ်လိပ်စာ… ၀န်ထမ်းအိမ်ရာ၊ ကန်တော်မင်္ဂလာပန်းခြံ၊ အလုံမြို့နယ်၊ ရန်ကုန်။
၁၀။ရည်မှန်းချက်နှင့်ဝါသနာ နန်းအေးအေးငြိမ်း…အောင်မြင်သော သရုပ်ဆောင်ကောင်း(သရုပ်ဆောင်လုပ်ငန်း) နန်းအိအိငြိမ်း… အောင်မြင်သောအဆိုတော် (ဂီတအနုပညာ)
၁၁။မွေးသက္ကရာဇ် ၄-ဂ-၉၁ (တနင်္ဂနွေနေ့)(၁၁း၄၅)နာရီ
၁၂။အရပ်… ၅.ပေ ၄ လက်မ
၁၃။မိခင်အားခွဲစိတ် မွေးဖွားပေးခဲ့သော ဆေးရုံ… ဘီးလင်းမြို့ ပြည်သူ့ဆေးရုံကြီး။နေ့စွဲ(၄-ဂ-၉၁)
၁၄။ရင်ချင်းဆက်နေမှုကို အောင်မြင်စွာ ခွဲစိတ်ပေးသည့် ဆေးရုံ… ရန်ကုန်မြို့ကလေးဆေးရုံကြီး။နေ့စွဲ (၂၅-၇-၉၃)
၁၅။အနုပညာအတွေ့အကြုံ…စရဏမဂ္ဂဇင်း(မျက်နှာဖုံး)တစ်ကြိမ်၊ အပျိုစင်မဂ္ဂဇင်း(အတွင်းစာမျက်နှာ)တစ်ကြိမ်၊ အသင်းအဖွဲ့များထုတ်ဝေသော ပြက္ခဒိန် (မကြာခဏ)၊ဒါရိုက်တာ အဏ်ထော်ဏီ(မော်လမြိုင်)ရိုက်ကူးသော သံယောဇဉ် နှောင်ကြိုးတစ်မျှင် တွင် ပါဝင်သရုပ်ဆောင်ခဲ့။၂၇၄၈-ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပြက္ခဒိန်တွင် ပါဝင်သရုပ်ဆောင်ကူညီသည်။ကရင်သက္ကရာဇ် ၂၇၄၈-ခုနှစ်၊ ကရင့်ကြေးမုံမဂ္ဂဇင်းမျက်နှာဖုံးတွင်လည်း ပါဝင်သရုပ်ဆောင်သည်။
၁၆။မိခင်ရင်ခွင်သို့ အရွယ်ရောက်၍ပြန်လည် ခိုဝင်လာသည့်နေ့…(၂၆-၇-၂၀၀၇) ကြာသပတေးနေ့။
သူတို့နှစ်ယောက်ကို မွေးခါစက အေးအေး၊ အိအိ လို့ပဲ သူနာပြုဆရာမလေးတွေက စခေါ်ကြတာပါ။နောက်ကျမှ သူ့အဖေနာမည်ပါအောင်၊ ဘီးလင်းမှာ ခွဲစိတ်မွေးဖွားပေးတဲ့ ဆရာဝန်ရဲ့ နာမည်လည်းပါအောင် အဲဒီတုန်းက သွေးလာလှူတဲ့သူ ဆရာတော်တွေ သီတင်းသုံးတဲ့ ကျောင်းအမည်လည်းပါအောင်ဆိုပြီး ငြိမ်း တစ်လုံး ထပ်ထည့်ပေးလိုက်တယ်။ဒီလိုနဲ့ပဲ အေးအေးငြိမ်း၊ အိအိငြိမ်း တွင်သွားခဲ့တာပဲ။သမီးနှစ်ဦး၏အမည်နာမဖြစ်ပေါ်လာပုံကို နန်းလှကျင်က ကျွန်တော့်ကို ပြောပြနေခြင်း ဖြစ်ပါတယ်။
(ဒါ့အပြင်နန်းလှကျင်က သမီးတွေရဲ့ နာမည်ကို အေးအေးငြိမ်း၊ အိအိငြိမ်းလို့ တန်းပြီးခေါ်တာကို သဘောမကျပါဘူး။ ကရင်မှန်ရင် ကိုယ့်အမျိုးအနွယ်ရဲ့လက္ခဏာ နန်း၊ နော်၊နမ့်၊ စော၊စ၊ မန်း တစ်ခုခုပါရမယ်။သမီးနှစ်ဦးရဲ့ နာမည်ကိုလည်း နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်း လို့ခေါ်တာကို ပိုကြိုက်တယ်။)ကရင်ဖြစ်လျက်နှင့် အကြောင်းအမျိုးမျိုးကြောင့် စော၊စ၊မန်း၊နမ့်၊နန်း၊နော် စတဲ့ ကရင့်တန်ဖိုးလက္ခဏာတွေနဲ့ဝေးကွာပြီး ဂလိုဘယ်မကျ၊လိုကယ်မကျ စကောစကဖြစ်နေသော ကရင်တစ်ချို့အား ဒီဆောင်ပါးဖတ်မိပြီး တစ်ရာ ရာခိုင်နှုန်းကရင်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။)
နန်းအေးအေးငြိမ်း၊နန်းအိအိငြိမ်းတို့၏ ပထမဆုံးအနုပညာခြေလှမ်းအဖြစ် သံယောဇဉ်နှောင်ကြိုးလေးတစ်မျှင် အမည်ရှိဗွီစီဒီတစ်ခွေအား လူငယ်ဒါရိုက်တာ အယ်ထော်ဏီ (မော်လမြိုင်)က ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ ညီအစ်မနှစ်ယောက် ကွဲကွာသွားကြပြီး နောက်ပိုင်းမှာ ပြန်ဆုံတွေ့ကြတဲ့ ဇာတ်လမ်းလေးပါ။ ဒါရိုက်တာ အဏ်ထော်ဏီရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို စာရေးဆရာ ချစ်ဦးညိုရဲ့သား လင်္ကာ က ဇာတ်ညွန်းရေးဖွဲ့ပေးပြီး ဖြိုးနှင့်မင်း ဗွီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ဝေမှာ ဖြစ်ပါတယ်။၎င်းဇာတ်ကားမှာ အကယ်ဒမီကျော်သူ၊ အကယ်ဒမီကျော်ရဲအောင်၊ မေသဉ္ဇာဦး၊ ညိုလင်းထက်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။)
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီဟာ ယခင်ကလည်း နော်ကဗျာဘွဲ့မှူး၊ စောဟက်ကက်၊ စောရဲလေးတို့နှင့် ပြက္ခဒိန်များ ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးပါတယ်။ ယခု၎င်းအနုပညာရှင်များမှာ အောင်မြင်သောအဆင့်တွင် ရောက်ရှိနေကြပြီးဖြစ်ပါတယ်။ယခုနှစ် ပြက္ခဒိန်ရိုက်နှိပ်ထုတ်ဝေခဲ့သော နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့သည်လည်း အဝေးတော့တဲ့ အနာဂတ်မှာ အနုပညာကြယ်ပွင့်လေးများ ဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နန်းအေးအေးငြိမ်း၊ နန်းအိအိငြိမ်းတို့ရဲ့ ဖခင်စောငြိမ်းကိုမှာ ၂၀၀၄-ခုနှစ်တွင် ကွယ်လွန်သွားပြီးဖြစ်၍ ယခုအခါ မိခင်နန်းလှကျင်၊အစ်ကိုကြီး စောအောင်ကိုဦးဈ အစ်မကြီးနန်းစမ်းလှသင်းတို့နှင့်အတူ ကန်တော်မင်္ဂလာပန်းခြံအတွင်းရှိ ၀န်းထမ်းအိမ်ရာတွင် နေထိုင်လျက်ရှိပါတယ်။ လာမယ့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ဒဿမတန်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် မိသားစုဆရာမ ဒေါ်ဆွေဆွေဇင်က လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။
(၂၇-၁၂-၂၀၀၈)တွင် မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်၌ ကျင်းပမည့် မဟာရန်ကုန် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား လာရောက်ဆင်နွှဲဦးမည်ဖြစ်ကြောင်း ထပ်ဆင့် သတင်းစကားပါးလိုက်ရပါတယ်။ ကရင်လူမျိုးဖြစ်ရတာ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်.. နန်းအေးအေးငြိမ်း၊နန်းအိအိငြိမ်းတို့နှင့် ကျွန်တော်..ကရင့်ရင်ခွင်လို့ တင်စားခေါ်ဝေါ်အပ်တဲ့ မဟာဆေးဝင်္ကဘာ အာလိန်ငါးဆင့်မှာ (၂၅) မိနစ်တာ အမှတ်တရ စကားပြောဖြစ်ခဲ့ပါတယ်။ကျွန်တော့်အနေနဲ့ အမှတ်တရမှ ထာဝရသို့ ချိုမြိန်လန်းဆန်းနေမယ့် အမွှာညီအစ်မနှစ်ဦးရဲ့ အဖြူစင်ဆုံး ကရင်အပြုံးအား စာဖတ်သူကရင်မိဘပြည်သူများထံ မုဒိတာဆန္ဒနဲ့ ထပ်ဆင့်ဝေငှပေးလိုက်ပါတယ်။
၂၇၄၈-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် မဟာရန်ကုန် ကရင့်ကြေးမုံစာစောင်မှ ပြန်လည်ဖေါ်ပြလိုက်ပါသည်။
စအယ်ဆူးခလိန်း(မြစ်ဝကျွန်းပေါ်)
Wednesday, January 14, 2009

သြစတြေးလျားနိုင်ငံရောက် ကရင်လူငယ်များ၏ ၄ကြိမ်မြောက်နှီးနှောဖလှယ်ပွဲ အောင်မြင်စွာပြီးဆုံး

အဲခေါင်သောင့်၊ ဇန်န၀ါရီလ ၁၄ရက်နေ့ ၊ ၂၀၀၉
သြစတြေးလျားနိုင်ငံရောက် ကရင်လူငယ်များ၏ ၄ကြိမ်မြောက်နှီးနှောဖလှယ်ပွဲကို ဇန်န၀ါရီလ ၈ရက်မှ ၁၁ရက်နေ့အထိ နယူးဆော့ဝေးပြည်နယ် ဆစ်ဒနီရှိ လာဆာလူငယ်စခန်းတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရှိရသည်။

နှီးနှောဖလှယ်ပွဲတွင် ပါဝင်တက်ရောက်ခဲ့ကြသည့် ကရင်လူငယ်များ

နှစ်နှစ်တကြိမ်ကျင်းပပြုလုပ်သည့် အဆိုပါနှီးနှောဖလှယ်ပွဲသို့ သြစတြေးလျားနိုင်ငံတ၀န်းလုံးရှိ ကရင်လူငယ် ၁၇၀ကျော် တက်ရောက်ခဲ့ပြီး လူငယ်များ တက်တက်ကြွကြွနှင့် ပူးပေါင်းပါဝင်သည်ကို တွေ့ ရသည့်အပေါ် အားရကျေနပ်မိသည်ဟု တက်ရောက်ခဲ့သူများက ပြောဆိုသည်။

အဆိုပါနှီးနှောဖလှယ်ပွဲတွင် နိုင်ငံခြားရောက်ကရင်လူငယ်များ တွေ့ ဆုံပြီးမိတ်သဟာရဖြစ်ရန်၊ ကရင်သမိုင်းနှင့် ရိုးရာအစဉ်အလာများကို သိရှိနိုင်ရန်၊ နိုင်ငံရေးနိုးကြားမှုရှိစေရန်နှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေ၇န်အတွက် ကျွမ်းကျင်သူများကို ဖိတ်ကြားကာ ရှင်းလင်းပြောကြားခြင်း၊ လူငယ်အချင်းချင်းအလွတ်သဘော အလုပ်ရုံဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့သည်။

ထို့အပြင် လူငယ်အချင်းချင်း ပိုမိုရင်းနှီးလာစေရန်အတွက် အားကစားပြိုင်ပွဲ၊ တေးဂီတဖျော်ဖြေပွဲများကိုလည်း ပြုလုပ်ပေးခဲ့သည်ဟု သိရရှိရသည်။

ဗစ်တိုရီးယားပြည်နယ်၊ မဲဘုန်းမြို့ မှ ကရင်လူငယ်များကလည်း နှုတ်ခွန်းဆက်သီချင်းကို အရှေ့ ပိုးကရင်ဘာသာဖြင့် သီဆိုနေပုံ

သြစတြေးလျားနိုင်ငံ ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို သြစတြေးလျားကရင်အဖွဲ့ က နှစ်နှစ်တကြိမ်ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်များအလိုက် အလှည့်ကျပြုလုပ်ခြင်းဖြစ်သည်။

ယခင်စီမီနာပွဲကို ဗစ်တိုရီးယားပြည်နယ် မဲဘုန်းလ်မြို့ တွင် ကျင်းပခဲ့ပြီး လာမည့် ၅ကြိမ်မြောက်နှီးနှောဖလှယ်ပွဲကို တခြားပြည်နယ်တခုတွင် ဆက်လက်ပြုလုပ်သွားမည်ဟုလည်း စုံစမ်းသိရှိရသည်။
အဲခေါင်သောင့်
Thursday, January 8, 2009

ကေအန်ယူနှင့် ဒီကေဘီအေ ပြန်ပေါင်းထုတ်ဖို့ လမ်းမရှိ

NEJ/ ၈ ဇန်နဝါရီ ၂၀၀၉
မကြာခင်က နေပြည်တော်တွင် နအဖခေါင်းဆောင်များနှင့် ဒီကေဘီအေ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေး သဘောတူညီချက်အရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ပြန်လည်ပေါင်းစည်းရေးမှာ လုံးဝဖြစ်နိုင်စရာ အခြေနေမရှိတော့ဟု ဒီကေဘီအေမှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ အရာရှိတဦးက “ကေအန်ယူနဲ့ ဒီကေဘီအေ ပြန်လည်ရင်ကြားစေ့ရေး ကိစ္စကို ကရင်အမျိုးသားအများစုက လိုလားတာမှန်ပေမယ့် ဒီကိစ္စဖြစ်မြောက်အောင် ဘယ်သူမှ မဆောင်ရွက် နိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့လက ဒီကေဘီအေက လူကြီးတွေနဲ့ အစိုးရလူကြီးတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတယ်။ စရဖ ဗိုလ်ချုပ်ကြီး ရဲမြင့်လည်းပါတယ်လို့ သိရတယ်။ သူတို့က ဒီကေဘီအေကို လက်နက်မဖြုတ်ဘူး။ ဒါပေမယ့် နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေအဖွဲ့ကို အသွင်ပြောင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်နဲ့ ရပ်တည်သွားရမှာဖြစ်တယ်။ အဲဒါကို ကျနော်တို့လူကြီးတွေကလည်း သဘောတူလိုက်ပြီဆိုတော့ ၂၀၁၀ ကျရင် ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ အသွင်ပြောင်းမှာဖြစ်တယ်။ ဒါကြောင့် နောင်ဆိုရင် ဒီကေဘီအေဆိုတာ ရှိတော့မှာမဟုတ်ဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလ (၄) ရက်နေ့ကလည်း ဒီကေဘီအေ (၉၉၉) တပ်ရင်း၌ ပြုလုပ်သည့် ကရင်အမျိုးသားများဆိုင်ရာ လူထုဟောပြောပွဲတခုတွင် (၉၉၉) အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခမ်းအနား အပိတ်မိန့်ခွန်းတွင် အတည်ပြုပြောကြားခဲ့သည်။

စောချစ်သူက “လာမယ့် ၂၀၁၀ ကျရင် ဖွဲ့စည်းပုံမူအရ ဒီကေဘီအေဟာ နယ်ခြားစောင့် တပ်ဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်သွားရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအောက်မှာပဲ ရပ်တည်သွားမှာဖြစ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီကေဘီအေတပ် အသွင်ပြောင်းမည့်ကိစ္စကို ဒီကေဘီအေတပ်ဖွဲ့များအတွင်း သဘောထားကွဲပြားမှုများ ရှိနေသော်လည်း ဗဟို၏အမိန့်ဖြစ်သောကြောင့် လောလောဆယ် ဝေဖန်ထောက်ပြမှုများ မရှိသေးကြောင်း၊ အောက်ခြေတပ်ရင်း တပ်ဖွဲ့များ၏ သဘောထားအမှန်ကို မသိရှိနိုင်ကြောင်း တဖွဲ့လုံးအသွင်ပြောင်းမည့်ကိစ္စမှာ ဖြစ်နိုင်ခြေနည်းပြီး အချို့တောပြန်ခိုမည့်သူများပင်ရှိသည်ဟု သိရှိရကြောင်း ဘားအံမြို့နယ်မှ ဒီကေဘီအေ ကိုးကွယ်သည့် ကရင်ဘုန်းတော်ကြီးတပါးက မိန့်ကြားခဲ့သည်။

ဒီကေဘီအေနှင့် စီးပွားရေး ပူးတွဲလုပ်ကိုင်သည့် မြန်မာကုန်သည်တဦးဖြစ်သူ ကိုဆန်းမောင်က “ဒီကိစ္စ ကျနော်ရဲရဲကြီးပြောရဲတယ်။ ဒီကေဘီအေတွေ ကေအန်ယူနဲ့ ပြန်ပြီးပေါင်းဖို့ဆိုတာ အခြေအနေအရ လုံးဝမဖြစ်နိုင်တော့ဘူး။ လက်ရှိ ကေအန်ယူတဖွဲ့လုံး နယ်စပ်တကြောမှာ ခက်ခက်ခဲခဲလှုပ်ရှားနေရတယ်။ ယိုးဒယားရဲ့ ဖိအားပေးမှုကလည်း ပိန်လိုက်ဖောင်းလိုက်နဲ့ အမျိုးမျိုး အခက်ခဲတွေကို ရင်ဆိုင်နေရတယ်။ အရင်လို ခေတ်မကောင်းတော့ဘူး။ ဒီကေဘီအေက အရာရှိတွေအားလုံး သူဌေးဖြစ်ကုန်ပြီ။ ဗဟိုအဆင့်ဆိုရင် အနည်းဆုံး သိန်းထောင်နဲ့ချီပြီး ချမ်းသာနေပြီ။ မြို့ပေါ်မှာ တိုက်နဲ့တာနဲ့ကားနဲ့ ကောင်းကောင်းနေ၊ ကောင်းကောင်းစား မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်အထိ အိမ်တွေဝယ်ထားကြတာရှိတယ်။ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားတာ တပုံကြီးပဲ။ ဘန်ကောက်၊ အေပက်တက္ကသိုလ်မှာဆိုရင် တပုံ ကြီးပဲ။ စီးပွားရေးခွင်ကလည်း သစ်လုပ်မလား၊ ကုန်သွယ်ရေးလုပ်မလား၊ အခြားပြောလို့မကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အများကြီးရှိတယ်။ ဒီလောက်ကောင်းတဲ့အခြေနေကို ဘယ်သူက ငတ်ငတ်ပြတ်ပြတ်နဲ့နေရမယ့် တောထဲပြန်လာမှာလဲ။ စဉ်းစားကြည့်ပေါ့၊ ဒီအချိန်မှာ အစိုးရက လက်နက်အပ်ဆိုရင်လည်း အပ်မှာပဲ။ အသွင်ပြောင်းရုံမကလို့ ဘာပဲ ခိုင်းခိုင်း ခင်ဗျားဖြစ်ဖြစ်၊ ကျနော်ဖြစ်ဖြစ် ဘယ်ကောင်မှ ငတုံးမဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွင် ဒီကေဘီအေနှင့်ပတ်သက်၍ သိထားသည်မှာ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများအပြင် တရားမဝင်မော်တော်ကားနှင့် ဆိုင်ကယ်များ တင်သွင်ခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံမှ တင် သွင်းခွင့်ပိတ်ပင်သည့်ပစ္စည်းများ တင်သွင်းမှုလုပ်ငန်းများအပြင် အချို့တပ်ဖွဲ့များမှာ မူးယစ်ဆေးဝါးများရောင်းဝယ် ဖောက်ကားမှုနှင့် ပါဝင်ပတ်သက်သည်ဟု ဆိုသော်လည်း အဆိုပါပြောဆိုချက်များနှင့် ပတ်သက်၍ လုံးဝမဟုတ်ကြောင်းကို ဒီကေဘီအေမှ အစဉ်တစိုက်ငြင်းဆိုကာ အမျိုးဘာသာ၊ သာသနာအတွက်သာ လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

အသွင်ပြောင်းမည့်ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ဒီကိစ္စ ဒီကေဘီအေကို တိုက်ရိုက် ကျွန်ဇာတ်သွင်းလိုက်တာပဲ။ အသွင်ပြောင်းခံမယ်ဆိုတော့ ပြည်စောင့်ရဲတို့၊ နယ်စပ်ရဲတို့ဖြစ်မယ်။ အားလုံး နအဖရဲ့ လက်ကိုင်တုတ်ပဲ။ ကိုယ့်အမျိုးသားရေးအတွက် လုပ်မယ်ဆိုပြီး ကြွေးကြော်ထားတဲ့လူတွေ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် ဖြစ်သွားမယ်ဆိုရင်တော့ သမိုင်းမကောင်းဘူးပေါ့။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကရင်မှန်းသိဖို့ အရေးကြီးတယ်။ ကျနော်တို့ကတော့ ဒီကေဘီအေပဲဖြစ်ဖြစ်၊ စောဌေးမောင်အဖွဲ့ပဲဖြစ်ဖြစ်၊ သူမူဟဲအဖွဲ့ဖြစ်ဖြစ် ဘယ်အဖွဲ့မဆို အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေပါတယ်။ အရေးကြီးရင် သွေးနီးရမယ်ဆိုတာကို အားလုံးသတိ ရှိစေချင်တယ်” ဟု ပြောသည်။

ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် နဝတ၏ ကျောထောက်နောက်ခံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိအဖွဲ့၏ နယကဆရာတော်မှာ ဦးသုဇနဖြစ်ပြီး ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်သည်။ ကေအန်ယူမှ စတင်ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေ တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ဌာနချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူတွင် ဖွင့်လှစ်ထားပြီး ၎င်းတို့အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား (၄) ထောင်ခန့်ရှိသည်ဟု သိရှိရသည်။
Sunday, January 4, 2009

ကရင်နှစ်သစ်ကူးနေ့ စော်ကားချက် (နအဖ၏ဥပဒေမဲ့ ယုတ်ကန်းမှုများ)

ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂၀၀၈ ခု ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်မှာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ရွာအနီး စောဘဲဒိုးတပ်စခန်းထိုင် နအဖတပ် ခမရ ၃၅၀ က ခွဲမှူးဗိုလ်သက်ခိုင် လက်အောက်ခံ စစ်သားတဦးက မအူပင်ရွာသူ ကရင်မိန်းကလေး မနီကဗျာ (၇ နှစ်) ကို နေအိမ်မှာ မုဒိမ်းကျင့်ပြီးနောက် သေနတ်နဲ့ပစ်သတ်လိုက် ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့အရှေ့ဘက် ကစယ်ဒိုမြို့နယ် ထီးဘိုဘွာအထူးဒေသအတွင်း ကစောဖိုးမှာ ကျွဲ-နွားရောင်းဖို့ မောင်းယူလာတဲ့ ဆီကူရွာသား ၄ ယောက်ကို နအဖတပ် ခလရ ၁၀၁ ကပစ်သတ်ပြီး နွား ၂ ကောင် ကျွဲ ၂ ကောင်ကို ခိုးယူသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ရွာသား ၄ ဦးကတော့ စောဆာသဲ (၃၅ နှစ်)၊ စောဒါးထူးဖိုး (၁၈ နှစ်)၊ စောဟာ့ဖလိုး (၁၆ နှစ်) နဲ့ စောဒီးဒီ (၄၀ နှစ်) တို့ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်မှာ နအဖတပ် စကခ ၁၉ နည်းဗျူဟာ ၁ ရဲ့ နည်းဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးခင်မောင်ချိုဟာ ခလရ ၁၀၆ တပ်စခန်းမှာ ဝါခမိကျေးရွာအုပ်စု၊ ဘယ်လယ်မယ် ကျေးရွာအုပ်စု၊ ကနယ်ကမော့ကျေးရွာအုပ်စု၊ ကျယ်ကျေးရွာအုပ်စု၊ ဒဲဖီးကျေးရွာအုပ်စု၊ တနေးလျူကျေးရွာအုပ်စု၊ ရူတောကျေးရွာအုပ်စုနဲ့ သဝေါဖျာကျေးရွာအုပ်စုတို့က အုပ်စုလူကြီးများကို ဆင့်ခေါ်စည်းဝေးပြီး ဒီဇင်ဘာ ၁၁ ရက်က စလို့ တပတ်ကို ၃ ရက် တပ်စခန်းသို့သတင်းပို့ဖို့နဲ့ ကားလမ်းပေါ်တိုက်ပွဲဖြစ်ရင် သက်ဆိုင်ရာကျေးရွာအုပ်စုလူကြီးကို ထောင် ၇ နှစ်၊ ကျေးရွာလူကြီးကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တဆက်တည်းမှာ နအဖတပ် ခမရ ၅၈၇ တပ်ရင်းမှူး အဆင့်ရှိတဲ့ သန်းဝင်းကလည်း ကနယ်ကမော့-ဝါခမိ ကားလမ်း တလျှောက်မှာ တရက်ကို ရွာသား ၃၆ ဦး ကင်းစောင့်ခိုင်းပြီး တိုက်ပွဲဖြစ်ခဲ့ရင် အဲဒီတိုက်ပွဲနေရာ ကင်းတာဝန်ကျ ရွာသားကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Insulting Karens on Karen New Year Day: SPDC junta's lawlessness
On 2008 December 27, Karen New Year's Day, at about 6:00 PM, a soldier from Lt. Thet Khaing's Company in SPDC Army LIR 350 deployed at Saw Behldoe outpost near Ma-u-bin village in Nyaunglebin District Kyaukkyee Township raped a seven-year old Karen girl named Ma Ni Kabyar at her home while her parents were away and then shot her to death.
On December 16, in Mergui-Tavoy District Kasehdo Township Htee Bo-bwa Special Region, soldiers from SPDC Army IB 101 killed four villagers trading oxen and buffaloes at Kasawphoe and stole two oxen and two buffaloes. The murdered villagers were Saw Hser Thel (aged 35), Saw Dah Htoo Phoe (aged 18), Saw Hut Phloe (aged 16) and Saw Deedi (aged 40) all of whom came from Se-ku village.

In KNU territory Dooplaya District Kawkareik Township, Col. Khin Maung Cho, Commander of No.1 Tactical Operations Command of No.19 MOC summoned village tract elders to IB 106 camp and ordered them to report to the army camp three days a week starting from December 11th, also threatening them with prison terms if skirmishes broke out on the road in their respective vicinity. The elders were from Wahkami, Belemai, Kaneh Kamaut, Kyeh, Dellphee, Ta-nayliu, Ru-taw and Tha-wawphya village tracts. They were threatened with seven years in jail for village tract elders and two years in jail for village elders.

Similarly, Than Win, Commander of LIR 587, also issued orders for guarding of Kaneh Kamaut-Wahkami Road with 36 villagers every day, threatening them with two years' prison sentences if battle broke out in their allotted sentry area.