Friday, October 31, 2008

နုပျိုခြင်းများဖြင့် လေဟုန်ကိုဆန်

ဆောင်းပါး
အောင်သူငြိမ်း
ကြာသပတေးနေ့၊ အောက်တိုဘာလ 23 2008 16:27 - မြန်မာစံတော်ချိန်

ကေအန်ယူ ၏ ၁၄ ကြိမ်မြောက် ညီလာခံ ကျင်းပပြီးစီးသွားသည့် သတင်းနှင့် အမျိုးသမီးခေါင်းဆောင် တဦးဖြစ်သည့် နော်စီဖိုးရာစိန်ကို အထွေထွေ အတွင်းရေးမှူးအဖြစ် ပထမဦးဆုံးအကြိမ် ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရှိရသည်။ အခြား မျက်နှာသစ် ခေါင်းဆောင်များလည်း တက်လာကြသည်။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန် ခေါင်းဆောင် အများအပြားက ငယ်ရွယ်သေးသူများဟု ဆိုလျှင် ရနိုင်သလို၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုထဲသို့ စ၍ လက်ဆင့်ကမ်းခဲ့ပြီဟု ဆိုလျှင်လည်း ရနိုင်ပါသည်။ ယခု ခေါင်းဆောင် အများစုမှာ ၁၉၄၉ ခုနှစ် ကရင် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သူများ မဟုတ်ကြပါ။ မျိုးဆက်သစ်များဟု ဆိုလျှင် ရနိုင်ပါသည်။

အမျိုးသမီးတဦးကို အရေးပါသည့် နေရာ တာဝန်ပေး ခန့်အပ်ခဲ့ခြင်းမှာလည်း ထူးခြားသည်ဟု ဆိုနိုင်သည်။ အမျိုးသမီးတို့၏ စွမ်းဆောင်နိုင်မှု ကဏ္ဍကို အလေးပေးလာသည်ဟု ဆိုနိုင်သကဲ့သို့၊ နောက်ထပ် ဖြစ်ထွန်းလာသည့် လူမှု လှုပ်ရှားမှုသစ်များ (တနည်း စစ်တပ်အခြေခံ မဟုတ်သည့် အရပ်ဖက် လူမှုလှုပ်ရှားမှု civil society, new social movement) များကို နေရာ ပေးလာခြင်းဟုလည်း ပြောလျှင် ရနိုင်မည်ဟု ထင်သည်။ အရပ်ဖက်အင်အားစု (civil society) အုပ်စုများနှင့် ပို၍ ဆွေးနွေး ညှိနှိုင်းမှု အားကောင်းလာသည်ဟု ပြောလျှင်လည်း ရနိုင်ပါသည်။

သို့သော်လည်း ညီလာခံ ထုတ်ပြန် ကြေညာချက်များကို မတွေ့ရသေးပါ။ မည်သို့သော မူဝါဒများ ခေတ်နှင့် အညီပြောင်းလဲ ကျင့်သုံးပါမည်နည်း။ စိတ်ဝင်စားဖွယ် ကောင်းနေသည်။ သေချာသည်ကတော့ ကေအန်ယူ ခေါင်းဆောင်မှုသစ် အနေဖြင့် ယခင်တကြိမ်က သူတို့ဘိုးဘေးများ၊ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သည့် မြေသို့ ရွှေ့ပြောင်းလာစဉ် ကာလကလို ရေထိုး၊ သဲစီး ခက်ခဲသော တော်လှန်ရေးနှင့် လူမှု လှုပ်ရှားမှု မြစ်ကြီးကို ဖြတ်သန်းကြရဦးမည် ဆိုသည်ပင် ဖြစ်ပါသည်။ ခေါင်းဆောင်မှု အသစ်အတွက် အခက်အခဲ၊ စိန်ခေါ်မှု များက စီးကြိုနေကြပါသည်။

(၁)

ကရင်လူမျိုးတို့တွင် ရှေးအစဉ်အဆက်က နှုတ်တိုက်ချပေးလာကြသည့် "ထားလင်္ကာ" များအရ သူတို့၏ သမိုင်းကို မှတ်တမ်းတင်ခဲ့ကြပါသည်။ ကရင်လူမျိုးတို့က တချိန်က မွန်ဂိုကုန်းမြင့်တွင် နေထိုင်ခဲ့ကြသည်ဟု ယူဆပြီး ဘီစီ ၁၁၂၈ ခန့် တွင် တောင်ဖက်သို့ ရွှေ့ပြောင်း အခြေချလာကြသည်ဟု ယူဆကြသည်။ ဒဏ္ဍာရီဆန်လှသည့် ခေါင်းဆောင် "ထော့မဲပါ" က ဦးဆောင်၍ အခက်အခဲများ၊ မြစ်ချောင်း၊ တောင်တန်း အတန်တန်ကို ဖြတ်၍ ပြောင်းရွှေ့လာကြသည်ဟု ယုံကြည်ကြပါသည်။ ထီးဆဲမက်ရွာကို ကရင်လူမျိုး အတော်များများက သိကြသည်။ "သဲစီးသောချောင်း" ဟု အဓိပ္ပါယ်ရပြီး မွန်ဂို ကုန်းမြေမြင့်မှ ဆင်းသက်လာရာလမ်းတွင် ဂိုဘီသဲန္တာရကို ဖြတ်သန်းခဲ့ရသည်ဟုလည်း ဖော်ပြ ပြောဆိုကြပါသည်။ ယနေ့ ကာလတွင် မြန်မာနိုင်ငံရှိ ကရင်အမျိုးသားများ၏ လူဦးရေကို ၃-၅ သန်းကြားဟု ခန့်မှန်းကြသလို၊ စင်္ကာပူ ကရင်ဆယ်မီနာ တခု၏ မှတ်တမ်းအရ ၇ သန်း (ကရင်ပြည်နယ်တွင် ၁. ၅ သန်း၊ ရန်ကုန်တိုင်းတွင် ၀. ၇၅ သန်း၊ ဧရာဝတီတိုင်းတွင် ၁. ၅ သန်း၊ ပဲခူးတိုင်းတွင် ၀. ၇၅ သန်း၊ တနင်္သာရီတိုင်းတွင် ၀. ၅ သန်း၊ မွန်ပြည်နယ်တွင် ၁ သန်းနှင့် အခြားနေရာဒေသများ တွင် ၁ သန်းခန့် ရှိနေမည်ဟု တွက်ချက် ထားကြသည်။)

သို့သော်လည်း ကရင်လူမျိုး မိတ်ဆွေတဦးက ပြောသည်ကို စိတ်မချမ်းမြေ့စွာ ကြားခဲ့ရဖူးသည်။ "ခင်ဗျား စဉ်းစားကြည့်ဗျာ။ ကျနော်တို့ ကရင်လူမျိုးတွေ အခုနှစ်များမှာ ပြောင်းရွှေ့ အခြေချနေကြရတဲ့ ဖြစ်ရပ်က အရင် မွန်ဂိုကုန်းမြင့်က အစုအပြုံလိုက် ပြောင်းရွှေ့လာပြီးတဲ့ နောက်ပိုင်းမှာ ဒုတိယအကြီးဆုံး ရွှေ့ပြောင်းရမှုကြီးလို့ ဆိုနိုင်တယ်"။

သူက ယခု တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချနေ ထိုင်ခြင်းများနှင့် ထိုင်းနိုင်ငံတွင်းရှိ သိန်းကျော်သော ဒုက္ခသည်များ၊ ပြည်တွင်း၌ အိုးအိမ်အခြေပျက်၍ ရွှေ့ပြောင်းထွက်ပြေး နေကြသော ပြည်တွင်းဒုက္ခသည် IDPs များကို ရည်ရွယ်ပြောခြင်း ဖြစ်ပါသည်။ သူပြောသည်မှာ ဖြစ်လည်း ဖြစ်နိုင်ပါသည်။

ဒုက္ခသည်စခန်းများတွင် ကရင်လူမျိုး အရေအတွက် ၂ သိန်းခန့် ရှိနေပြီး၊ (တီဘီဘီစီ) အဖွဲ့အဆိုအရ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် ပြည်တွင်းဒုက္ခသည် IDPs အရေအတွက် ၅ သိန်းကျော် ရှိသည်ဟု ခန့်မှန်းထားရာ၊ အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြပါသည်။

ထိုမျှမက ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် တရားမ၀င် လာရောက်ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေသူ အများအပြားလည်း ရှိနေပါသေးသည်။ မိန်းမပျိုလေးဟု ခေါ်သော ကရင်စကား "မူးနော်" က ယခု တော့ "အိမ်ဖော်၊ အိမ်စေ" ဟု အဓိပ္ပါယ် ဖြစ်လာကြောင်း ထိုင်းနယ်စပ်ရှိ ကရင်လူမျိုးများ အခြေအနေကို မခိုင်မာကျော်ဇော ကလည်း စာရေးဖူးသည်။ ကရင်ပြည်နယ် အတွင်းရှိ ရွာများတွင် အားကောင်းမောင်းသန် လူငယ်မကျန်တော့၊ ကလေးများ နှင့် ကျီးစောင့်ကြက်နှင် အဖိုးအဖွားအိုများသာ ကျန်ရှိတော့ကြောင်းလည်း မျက်မြင်အချို့က ပြောပြကြပါသည်။ နှစ်ရှည် ကြာမြင့်လာပြီ ဖြစ်သည့် ပြည်တွင်းစစ်၏ ဒဏ်များ ဖြစ်နိုင်သလို၊ စီးပွားရေး ဆုတ်ယုတ်ကျဆင်းလာသည့် တနိုင်ငံလုံး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။

(၂)

ဤဖက်ပေါင်းစုံ အခြေအနေများကို တွေးလျှင် ကရင် ခေါင်းဆောင်မှုသစ်အတွက် မေးခွန်းများစွာ ရှိလာနိုင်ပါသည်။

အမျိုးသားရေး အာမခံချက် အတွက်နှင့် လွတ်မြောက်ရေး စစ်ပွဲကို ဆက်လက် ဆင်နွှဲမည်ဟု ဆိုပါသည်။ မလွတ်မြောက်သော လူမျိုးတမျိုးက ခုခံကာကွယ် စစ်ဆင်နေရမည့် အရေးကို မေးခွန်းထုတ်ဖွယ် မရှိပါ။ သို့သော်လည်း မပြီးမစီးနိုင် စစ်ပွဲ၏ အကျိုးဆက်များကို ဆက်၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်ပြီဟု ထင်လာမိသည်။

ပညာရှင်များက ပြေလည်မှု မရနိုင်တော့မည့် ပဋိပက္ခမျိုး (Intractability of conflict) ရှိသည်ဟု လေ့လာချက်အရ ဆိုခဲ့ကြ ဖူးသည်။ ပဋိပက္ခက နှစ်ရှည်လာပြီး အမယ်ဘုတ်သူ့ချည်ခင် ရှင်းရမရတော့မည့် ကိစ္စမျိုးကို ဆိုကြခြင်း ဖြစ်ပါသည်။ ဂျွန် ပေါလ် လက်ဒရစ် (John Paul Lederach) က ပြေလည်မှုမရနိုင်တော့မည့် ပဋိပက္ခမျိုးဟု အဓိပ္ပါယ်ဖွင့်ရာတွင် ခေါင်းမာ တင်းခံနေသည့်၊ ပြင်းထန်သည့်၊ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့်၊ ပြေလည်မှုရရန် ခက်ခဲသည့် ပဋိပက္ခမျိုးဟု ဆိုသည်။

တိုင်းထွာမှုအရ တနှစ်လျှင် လူ ၁၀၀၀+ သေဆုံးနေရသည့် လက်နက်ကိုင် ပဋိပက္ခမျိုးကို သူက "စစ်" ဟု သတ်မှတ်သည်။ အကယ်၍ ဤသို့ လူ ၁၀၀၀+ သေဆုံးရမှုက ဆယ်စုနှစ်တခု၊ နှစ်ခုထက်ပို၍ ကြာရှည် ဖြစ်လာပြီဆိုလျှင် လက်ဒရစ်က "ပြေလည်မှု မရနိုင်သည့် ပဋိပက္ခ" ထဲသို့ ထည့်လိုက်ပါသည်။ သူတင် ကိုယ်တင် ရန်ကြွေးများကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဤသတ်မှတ်ချက်အရဆိုလျှင် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်လာခဲ့သော ကေအန်ယူ၏ တော်လှန်ရေးသည် ဆယ်စုနှစ် ၆ ခု တိုင်တော့မည် ဖြစ်သည်။ ကမ္ဘာ့သက်တမ်း အရှည်ဆုံး တော်လှန်ရေးတခုဟု ဂုဏ်ယူဖို့ ရှိပါသည်။ သို့သော်လည်း ဤစစ်ပွဲအတွင်းမှာပင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့၏ အသက်အိုးအိမ်၊ စည်းစိမ်၊ ဘ၀၊ အနာဂတ် အလားအလာများ ပျက်စီး ဆုံးရှုံးခဲ့ကြရသကဲ့သို့ နောက်ဆုံး မြန်မာတနိုင်ငံလုံးသည်ပင် ပြည်တွင်းစစ်ကြောင့် ကျရှုံးနိုင်ငံ (failed state) ဖြစ်လုတည်းတည်း အခြေအနေသို့ ဆိုက်နေရပြီ ဖြစ်သည်။

ဤအခြေအနေတွင် ကေအန်ယူအနေနှင့် တွေ့ဆုံငြိမ်းချမ်းရေး၊ ဆွေးနွေးအဖြေရှာရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို မငြင်း ပယ်ခဲ့ပါ။ သို့သော်လည်း ဤသို့ ပြေလည်မှု မရနိုင်တော့သည့် ပဋိပက္ခအဖြစ်သို့ ကျဆင်းရမည့် ထောင်ချောက်မှ ရုန်း ထွက်ရန် လိုအပ်ပါသည်။ ဤသို့ ဖြစ်စေရန်အတွက်လည်း ဖက်အသီးသီးမှ အားစိုက်ထုတ် ကြိုးပမ်းရမှုများ၊ သဘောထား ကြီးရမှု၊ အနစ်နာခံရမှုများလည်း လိုအပ်လိမ့်ဦးမည်သာ ဖြစ်ပါသည်။

သို့သော်လည်း မိမိက မျက်စိထဲ မြင်ကြည့်သည်။ ကေအန်ယူနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲသစ်များတွင် အမျိုးသမီး အထွေထွေ အတွင်းရေးမှူးသစ်က စားပွဲတဖက်တွင် ကေအန်ယူ ကိုယ်စားလှယ်အဖြစ် ထိုင်နေသည် ဆိုပါစို့။ ရှေးရိုးစွဲဆန်လွန်းသော၊ မဟာဖိုဝါဒီ၊ စစ်ဝါဒီ အယူအဆများကို ကိုယ်စားပြုထားသည့် စစ်အစိုးရဗိုလ်ချုပ်များအဖို့ အတော် မသက်မသာ ရှိနိုင်ပါသည်။ ယခင်က ကေအန်ယူနှင့် မြန်မာအစိုးရခေါင်းဆောင်များ ဆွေးနွေးပွဲများတွင် အမျိုးသမီးများ မပါဝင်ခဲ့ကြဖူးသည် မဟုတ်ပါ။ ၁၉၄၉ ခုနှစ်၊ ဧပြီ ၆ ဖဆပလ အစိုးရနှင့် ဆွေးနွေးပွဲတွင်သာ မစ္စက် ဘမောင်ချိန်က ကြား ခုံသမာဓိလူကြီးအဖြစ် ပါခဲ့ဖူးသည်။ နောက်ပိုင်း ဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်များ မတွေ့ခဲ့ရပါ။ အကယ်၍ ယခုတကြိမ် ပြန်၍ စစ်အစိုးရနှင့် ကေအန်ယူအကြား ဆွေးနွေးပွဲဖြစ်ခဲ့လျှင် အသစ်အဆန်း အတွေ့အကြုံ ဖြစ်နိုင်သလို၊ တိတ်ဆိတ်မှုများ ဖြိုခွင်းခဲ့သည့် (တနည်း ကရင်ပြည်နယ် အတွင်း စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖွင့်ချ ဖော်ထုတ်ခဲ့သည့် "Shattering Silences report ထုတ်ဝေခဲ့သည့်) အမျိုးသမီး ခေါင်းဆောင်တဦးကို မည်သို့မည်ပုံ တုံ့ပြန် မည်ဆိုသည်ကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

တပြိုင်နက်တည်းမှာပင် ကေအန်ယူ ခေါင်းဆောင်မှု အနေနှင့် လူမျိုးရေးအရ စဉ်းစားမည်ဆိုလျှင်လည်း မေးခွန်းများ ရှိနေပါ သည်။ ကျနော့်မိတ်ဆွေ ညည်းညူပြောဆိုခဲ့သလို ကရင်လူမျိုးများ အစုအပြုံလိုက် ပြောင်းရွှေ့နေကြရမှုက မွန်ဂိုလီးယား ဒေသမှ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသည့် ကာလ၊ စတင်ပြောင်းရွှေ့ အခြေချလာချိန်မှစ၍ ယခုအချိန်သည် နောက်ထပ် "ဒုတိယအကြိမ် ပြောင်းရွှေ့အခြေချရမှု" (second migration) ဟု ခေါ်ဆိုရလောက်အောင် ပြဿနာ ကြီးကျယ်နေပါပြီလား။ သို့ဆိုလျှင် ဤပြဿနာကို လူမျိုးရေးအရ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဟု မြင်လာပါသည်။ ပြောရလျှင် ယနေ့ အခြေအနေသည် ကရင်လူမျိုးများအတွင်း သွေးစည်းညီညွတ်မှု၊ စုစည်းနိုင်မှု အားအနည်းဆုံး အခြေအနေကဲ့သို့ ဖြစ်နေပါသည်။ စစ်အစိုးရ တက်လာချိန် ၁၉၈၈ ခုနှစ်မှစ၍ နယ်စပ်ရှိ လွတ်မြောက်နယ်မြေ၊ အခြေစိုက်စခန်းများ ဆုံးရှုံးခဲ့ရသည်။ ကရင်အမျိုးသားရေး လှုပ်ရှားမှုတွင် အင်အား အကြီးဆုံး ဖြစ်သည့် ကေအန်ယူမှ အင်အားများ (စစ်အစိုးရ၏ သွေးခွဲသပ်လျှိုမှုကြောင့်ပင် ဆိုဆို) ကွဲပဲ့ထွက်ခဲ့ကြရသည်။ ဒီကေဘီအေ၊ ယခင် ဗိုလ်မှူးသုမူဟဲ ဦးဆောင်သည့် တပ်ရင်း ၁၆-အုပ်စုများ၊ ဖဒိုအောင်ဆန်းဦးဆောင်သည့် ဘုရားကုန်း ကရင်ငြိမ်းချမ်းရေးအဖွဲ့မှသည် နောက်ဆုံး တပ်မဟာ-၇ တပ်မှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်သည့် အင်အားများ ကွဲထွက်ခဲ့ရသည်။ ပိုဆိုးသည်မှာ အချင်းချင်း သွေးထွက်သံယို တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများပါ ဆက်လက် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပါသည်။ ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာသည်ပင် ဤသို့ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက် ဆုံးရှုံးခဲ့ရပါသည်။

ကရင်အမျိုးသားထုများအတွင်း အမျိုးသား သွေးစည်းညီညွတ်ရေး အရေးတကြီး လိုအပ်နေပြီဟု ကျနော်ဆိုချင်ပါသည်။ သို့ဆိုလျှင် အသစ်တက်လာသည့် ခေါင်းဆောင်မှုအဖို့ ကရင်တိုင်းရင်းသား အချင်းချင်း သွေးထွက်သံယို တိုက်ခိုက်နေမှုများကို အလျှင်အမြန် ရပ်စဲပစ်ရန် လိုအပ်ပါလိမ့်မည်။ စကော၊ ပိုး၊ တောင်ပေါ်၊ မြေပြန့် စသည့် ကရင်အမျိုးသား အုပ်စုများကြား သာမက နိုင်ငံရေးအရ အမြင်၊ မဟာဗျူဟာ ကွဲပြားနေသည့် အုပ်စုများကြားတွင်ပါ ဘုံတူညီနိုင်သည့် အနိမ့်ဆုံး လုပ်ငန်းစဉ်များကို ရှာဖွေ၍ အမျိုးသား ညီညွတ်ရေးကို အရေးတကြီး ပြန်လည် တည်ဆောက်ရတော့မည့် အချိန်ဖြစ်ပါသည်။ မည်သို့သော မဟာဗျူဟာကို ချမှတ်သည်ဖြစ်စေ အာဃာတများဘေးချိတ်၍ အမျိုးသား ညီညွတ်ရေးကို ပြန်လည် ခေါင်းငဲ့ကြည့်ရတော့မည့် အချိန်လည်း ဖြစ်ပါသည်။

ကေအန်ယူအနေနှင့် လက်နက်ကိုင် တော်လှန်ရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သော်လည်း အခြားသော အမျိုးသားရေး အကျိုးစီးပွားဆိုင်ရာ ကိစ္စများကိုလည်း ဆက်လက်စဉ်းစားရန် လိုအပ်လိမ့်မည်ဟု ယူဆပါသည်။ ၂၀၀၃ ခုနှစ်က စင်္ကာပူနိုင်ငံတွင် ကရင်အမျိုးသား ဆယ်မီနာတခု ကျင်းပဖူးပြီး၊ ပြည်တွင်း ပြည်ပရှိ အချို့သော ကရင်အမျိုးသား များက ကရင်အမျိုးသား နိုင်ငံတော် (nation ဟု သုံးထားသောကြောင့် ဖြစ်ပါသည်။) ပြန်လည် ထူထောင်နိုင်ရေးအတွက် ကဏ္ဍ ပေါင်းစုံ လမ်းပြမြေပုံ ၁၂ ခုကို ရေးခဲ့ဖူးကြပါသည်။ (ရပ်ရွာဖွံ့ဖြိုးရေး လမ်းပြမြေပုံ၊ ယဉ်ကျေးမှု၊ စာပေနှင့် ဘာသာ စကား ဆိုင်ရာ လမ်းပြမြေပုံ၊ စီးပွား ဘဏ္ဍာနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လမ်းပြမြေပုံ၊ အခြေခံ အဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာရင်းအင်းနှင့်ဒေတာဘေ့စ် ဆိုင်ရာကိစ္စ၊ နောက်ဆုံး နိုင်ငံရေး အုပ်ချုပ်ရေးရာနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ လမ်းပြမြေပုံများကို စိတ်ကူးမှန်းဆ၍ ပုံထုတ်ခဲ့ကြဖူးပါသည်။) ဤအစည်းအဝေး၏ စဉ်းစားချက်များက သိပ်ပြီး လက်တွေ့မဆန် စိတ်ကူးယဉ်လွန်းနေသည်လည်း ဖြစ်နိုင်ပါသည်။ ရှေ့ကို ရောက်နေနှင့်သည်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ ကေအန်ယူ ခေါင်းဆောင်မှု အသစ်အနေနှင့် ပို၍ ဖက်ပေါင်းစုံသည့် အနာဂတ် ရေးစဉ်းစားချက်များကို ပြင်ဆင်သင့်သည့် အချိန် ဖြစ်သည်ကတော့ အမှန်ပင် ဖြစ်ပါသည်။ ယခု ညီလာခံရလဒ်များတွင် အလားတူ စဉ်းစားချက်များ ရှိခဲ့မည်ဟုလည်း ယူဆပါသည်။ ထိုမျှမက ပြည်တွင်း ပြည်ပ ကရင်အမျိုးသား အင်အားစုများ ပူးပေါင်း၍ မိမိတို့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွားအတွက် မည်သို့ မည်ပုံ ဆောင်ရွက်နိုင်မည်ကိုလည်း ခေါင်းချင်း ရိုက်ရတော့မည့် အချိန် ဖြစ်ပါသည်။ ထိုမျှမက အရည်အသွေး မြှင့်တင်ရေး ကိစ္စများကိုလည်း အာရုံထား ဆောင်ရွက်ရန် လိုအပ်လာပါလိမ့်ဦးမည်။

အနာဂတ်က ဝေးပါသေးသည် ထားဦး။ ကေအန်ယူ အဖွဲ့အစည်း၏ ရပ်တည်ရေးကို အနီးကပ် ခြိမ်းခြောက်နေသည့် ကိစ္စများလည်း ရှိနေပါသေးသည်။ သဘာ၀၀န်းကျင်ကို အကန့်အသတ်မရှိ ဖျက်ဆီး အသုံးချနေမှုများနှင့် သံလွင်မြစ်ပေါ်တွင် ဆည်များ တည်ဆောက်တော့မည့် ကိစ္စ ဖြစ်သည်။ စင်္ကာပူ၌ ကျင်းပခဲ့သည့် (၂၀၀၃) ကရင် ဆယ်မီနာက အကယ်၍ ကရင်ပြည်နယ်တွင် အေးအေးချမ်းချမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရခဲ့လျှင် ဘိလပ်မြေစက်ရုံ အပါအ၀င်၊ ရေအရင်းအမြစ်များ အသုံးချမှု (ရေအားလျှပ်စစ်ထုတ် ဆည်များ) နှင့် အခြားလုပ်ငန်းများကြောင့် လာမည့် နှစ် ၂၀ အတွင်း အမျိုးသားစုစုပေါင်း ထွက်ကုန်တန်ဖိုး (GDP) တနှစ်လျှင် အမေရိကန် ဒေါ်လာသန်းပေါင်း (၅၀၀၀) မှ (၇၀၀၀) ကြား ရရှိနိုင်မည် ဟု ခန့်မှန်းခဲ့ကြဖူးသည်။ သို့သော်လည်း လက်ငင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်တော့မည့် ဆည်များက ကေအန်ယူ အဖွဲ့၏ တည်ရှိမှုကိုပါ ခြိမ်းခြောက်နေခဲ့ပြီ ဖြစ်သည်။ ဒေါ်လာ သန်း ၁,၀၀၀ ရင်းနှီး မြှုပ်နှံမှုရှိသည့် ဟတ်ကြီးဆည်ကို မကြာမီ စတင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လျှပ်စစ် တင်ပို့ရောင်းချနိုင်မည်ဟု ထိုင်းနိုင်ငံရှိ EGAT ကုမ္ပဏီက ကြေညာထားပြီး ဖြစ်သည်။ ဟတ်ကြီးဆည်ပြီးလျှင် ၀ဲကြီးနှင့် ဒါးကွင်းဆည်များကို ဆက်လက် တည်ဆောက်ကြ ဦးမည် ဖြစ်သည်။ ဤနေရာများက ကရင်တော်လှန်ရေးတပ်များ အခြေပြုနေကြသည့် နေရာများ ဖြစ်နေပါသည်။ ခေါင်းဆောင်မှုအသစ် အနေနှင့် ဤသို့ ခြိမ်းခြောက်လာတော့မည့် ရပ်တည်ရေးဆိုင်ရာ ကိစ္စများကိုလည်း ယှဉ်၍ စဉ်းစားရဖွယ် ရှိနေပါသည်။

နောက်ဆုံး ပြောရသော်လည်း အရေးကြီးသည့် ကိစ္စများ ရှိပါသေးသည်။ ကေအန်ယူ ခေါင်းဆောင်မှု အသစ်အနေနှင့် မိမိ လူမျိုးတရပ်လုံးနှင့် အခြားသော တော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများအတွက် မည်သို့ စိတ်အားတက်ဖွယ် မျှော်လင့်ချက်၊ ရည်မျှော်မှန်းချက်များ (Vision, Hope) ပေးမည်နည်း ဆိုသည့် ကိစ္စပင် ဖြစ်ပါသည်။ လူအများက အလှည့်အပြောင်းကို တောင်းတနေကြပါသည်။ ၀ါရင့် သဘာရင့် အဖွဲ့ကြီးတခု ဖြစ်သည့် ကေအန်ယူအနေနှင့် ဤကိစ္စကို လည်း ချွင်းချန်ထား၍ စဉ်းစားရန် မဖြစ်နိုင်ပါ။

ခေါင်းဆောင်မှုသစ်အတွက် လျှောက်လှမ်းရမည့် လမ်းက အခက်အခဲများ များပြား လွန်းနေပါသည်။ သို့အတွက်ကြောင့်လည်း ကျနော်က ကရင်လူမျိုးများ ဖြတ်သန်းခဲ့ရာ ရေထိုးသဲစီး မြစ်ကြီးဧရာနှင့် ဤအခက်အခဲ ပြဿနာ များကို နှိုင်းယှဉ်၍ ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဒဏ္ဍာရီထဲက ထော်မဲ့ပါလည်း သမိုင်းအသစ်တွင် ရှိနိုင်ပါသေးသည်။ ကရင်လူကြီးများ ဆိုခဲ့ကြသည့် ရှေးဟောင်းထား ကဗျာတပုဒ်အတိုင်း ဖြစ်လာစေဖို့သာ မျှော်လင့်စိတ်ကူးနေမိပါ တော့သည်။

"သာယာဝပြောသော နိုင်ငံ ............

ထိုဒေသ၌ ကလေးသူငယ်များ ညှိုးနွမ်းခြင်းမရှိဘဲ လှည့်ပတ်ပြေးကစားလျှက် ရှိကြပါသည်။

သင်ရော ကျန်ုပ်ပါ ကြီးသူငယ်သူအားလုံး ပြန်လည်ဆုံဆည်း မြင်တွေ့ကြရလိမ့်ဦးမည်ဟု

မျှော်လင့်လွမ်းဆွတ် တသမိပါသည်။"


အောင်သူငြိမ်း
အောက်တိုဘာ ၂၃၊ ၂၀၀၈။

အကိုးအကား

၁။ ကရင့်သမိုင်းနှင့် ရိုးရာဖြတ်ထုံးများ။ (မန်းလင်းမြတ်ကျော်၏ ရေးသားချက် ကောက်နှုတ်) Drum Publication Group၊ ၂၀၀၆ အောက်တိုဘာလ။

၂။ Across the River of Running Sand: The Ethnic Karens of Burma – Origin and Folktales, Pa Thoo Plie,

၃။ Building Our Nation, Singapore Karen Seminar 2003, Meeting Minute.

၎။ John Paul Lederach, Building Peace: Sustainable Reconciliation in Divided Society, 1999, Third Printing, Washington D.C.: United States Institute of Peace Press.

ကေအဲန်ယူကို နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်


ကေအဲန်ယူ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ပဒိုစောလှငွေ


အောက်တိုဘာလ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ တပ်မဟာ ၆ ကို မြန်မာစစ် အစိုးရတပ်နှင့် တိုးတက် သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များ ပူးပေါင်းပြီး ယနေ့ နံနက်က ထိုးစစ်ဆင် တိုက် ခိုက်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ တပ်မဟာ ၆ ဗဟိုဌာချုပ်အား နံနက် ၅ နာရီအချိန်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ပဒိုစောလှငွေက ယခုလို ပြော သည်။

"ကျနော်တို့ ဒီဗဟိုဌာနချုပ် တပ်ရင်း ၂၀၁ ဂွင်ဖက်မှာ။ ထိုင်းနယ်စပ်နဲ့ ကပ်နေတယ်လေ။ ကရင်လို အခေါ်တော့ ဖလယ်လော်ဆယ်ပေါ့ဗျာ။ နှုတ်ခမ်းမွေး ၉၀၇အဖွဲ့တွေနဲ့ နအဖ တပ်ရင်း သုံးရင်း လောက်ကနေ အဲဒီ ဖလယ်လောဆယ်ဂွင်ကနေ ကျနော်တို့ ပြောက်ကျားတွေ ရှိတဲ့နေရာ အခြေစိုက် တဲ့နေရာကို ၀င်ရှင်းတာလို့ ပြောတယ်။ ထိုင်းဖက် ကနေ ပတ်ဝင်တာလို့ပြောတယ်။ အဲဒါ လက်နက် ကြီးတွေနဲ့ ပစ်လိုက်၊ တက်လိုက် လုပ်နေတာလို့ ပြောတယ်။ ကျနော်တို့ဖက်ကတော့ ပြန်ဆက် သွယ်လို့မရဘူး။ အကျ အဆုံးဒဏ်ရာရ ဘာမှမသိရသေးဘူး။ ဘယ်တပ်ရင်းမှန်းလည်း မသိဘူး။"

မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းပြီး ကေအဲန်ယူအား ယခင်လကုန်ပိုင်းမှစပြီး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသရှိ စီးပွားရေးလမ်းကြောင်းကို စိုးမိုးရန်အတွက် ထိုးစစ်ဆင်ခြင်း ဖြစ်နိုင်သည်ဟု ပဒိုစောလှငွေက သုံးသပ်သည်။

"ကျနော်ကြည့်ရတာကတော့ အခုနယ်စပ်မှာ ကျနော်တို့ရဲ့ထူးခြားတာ ဒီနှစ်ဖက် အဲဒီ နေရာမှာပေါ့ ဗျာ။ စီးပွားရေးအရ စတင်ကြတာပဲ။ အဲဒီမှာ သူတို့ စီးပွားရေးကွက်တွေမှာ ကျနော်တို့ဖက်ကလည်း အဲဒီဒေသမှ ပြောင်းခင်းတွေနဲ့ပတ်သက်တာ အခွန်ကောက်၊ သူတို့ကလည်း အဲဒီအခွန်တွေကို လက် ၀ါးကြီးအုပ်ဖို့ ကြိုးစားရာတွေကနေ ထဖြစ်တဲ့ အဲဒီ Clash ပေါ့၊ အဲဒီကနေ စပြီးတော့ သူနယ်ငါနယ် လုနေတဲ့အပေါ်မှာတော့ ထိုင်းက ဖိအားပေးတဲ့အပေါ်မှာ နအဖကလည်း သူတို့ကလည်း အဲဒီနေရာကို အရယူမယ်။ ဒီဖက် ကလည်းပဲ ခုခံ ကာကွယ်တဲ့ သဘောပေါ့။ ကျနော် ထင်တယ် ဒါကတော့ ဒေသ အလိုက် ကွက်ပြီးဖြစ်တဲ့ ကိစ္စပါပဲ။"

တပ်မဟာ ၆ ဒေသရှိ ကျေးရွာများသည် ပြောင်းဖူးခင်းများကို ဧကသိန်းနှင့်ချီ၍ စိုက်ပျိုးကြ ကာ ပြောင်းဖူးခင်းများ ထံမှ အခွန်ငွေကို ကေအဲန်ယူက ကောက်ခံနေသည်ဟု ၎င်းက ဆက်ပြောသည်။

ယခုလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း မြန်မာစစ်တပ်နှင့် ကေအဲန်ယူတို့အကြား တိုက်ပွဲ ၄ ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဖက်မှ ၆ ယောက် ကျဆုံးပြီး၊ ၆ယောက် ဒဏ်ရာရရှိကာ မြန်မာတပ်သား ၂ ဦး လက်နက်နှင့်တကွ ကေအဲန်ယူထံ လက်ရောက်လက်နက်ချခဲ့သည် ဟု သိရသည်။
Friday, October 24, 2008

ရာသီစစ်ပြေးဘ၀များ

တလျောက်လုံး
ကော်သူးလေးတို့ ကား
စပါး၊၀ါးအမှီပြု၊
ကြာခရုလည်ဆွဲ
ကူမည်ဂျိုးသံနဲ့ 
လီလီခါပျော်ချင်ခဲ့တယ်
ဖြစ်ကြောင်းရယ်မှတ်ရ
သည်ကာလသည်ဝဿန်။
တခေတ်လုံး
ကော်သူးလေးတို့ ကား
စပါး၊၀ါး၊လယ်ယာအတိ
ငပိ၊ငသန်သေးနုပ်
ယုတ်စွအဆုံးမှာ
မာလာနှင့်လှချင်ခဲ့တယ်
ဖြစ်ကြောင်းရယ်မှတ်ရ
သည်ကာလသည်ဟေမာန်။
တဘ၀လုံး
ကော်သူးလေးတို့ ကား
စပါး၊၀ါး၊ကောက်ပဲသီးနှံ
အချိန်မှန်ခူးကြိတ်
ဖျတ်ရိတ်ခုတ်ထွင်
သလင်းဆင်ထား
မားမတ်ရိုးသား၊သက်မွေးသွားတယ်
ဖြစ်ကြောင်းရယ်မှတ်ရ
သည်ကာလသည်ဂိန်မာန်။
အခုတော့
ပေါ့ပေါ့ပါးပါးအိုးခွက်များနဲ့ 
စားဆန်မိုးကာ၊ပလိုင်းမှာထည့်
ခေါင်းတလှည့်ရုံး၊ပခုံးလှည့်ထမ်း
လျိုမြောင်တောတန်း၊ခရီးကြမ်းမှာ
တဖက်မှာသမီး
တဖက်မှာသား
လက်များတွဲယှက်၊အသက်ဆက်ရေး
နှစ်စဉ်ပြေးခဲ့သည်ရာသီ။ ။
လကာၤဒီပ
Thursday, October 23, 2008

ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူးရာထူး ပထမဆုံးအကြိမ် ကရင်အမျိုးသမီးတဦးကို ခန့်အပ်

ဧရာဝတီ | အောက်တိုဘာ ၂၀၊ ၂၀၀၈
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော (၁၄)ကြိမ်မြောက် ကွန်ဂရက်အစည်း အဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့သည်။
ကေအန်ယူအဖွဲ့၏ ဥက္ကဌ အဖြစ် စောတာမလာဘောနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် နော်စီဖိုးရာစိန်ကို အောက်တိုဘာ လ ၁၇ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကရင်အသိုင်းအ၀န်းမှ သိရသည်။
နော်စီဖိုးရာစိန်သည် ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရပြီး နောက်ပိုင်း အတွင်းရေးမှူး တာဝန် ကို ထမ်းဆောင်ရသည့် ပထမဆုံးသော ကရင် အမျိုးသမီး ခေါင်းဆောင်တဦး ဖြစ်သည်။
နော်စီဖိုးရာစိန်အား ကေအန်ယူတွင် ယင်းကဲ့သို့ ခန့်အပ်လိုက်ခြင်းကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ကြိုဆို လိုက်သည်။
အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်က“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုး သမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကေအန်ယူရဲ့ဦးဆောင်မှုအောက် မှာ ကရင်အမျိုး သမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောသည်။
နော်စီဖိုးရာစိန်နှင့်အတူ ယခု ကေအန်ယူ ကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ စောဒေးဗစ် သာကပေါ်ကို ဒု ဥက္ကဌ အဖြစ် လည်းကောင်း၊ ဗိုလ်မှူးစောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး (၁) နှင့်(၂) အဖြစ်လည်းကောင်း ခန့်အပ်လိုက်ပြီး တခြားသော အလုပ်အမှုဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ် မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရောဂျာခင်၊ ပဒိုအားတိုး၊ ပဒိုဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။
နော်စီဖိုးရာစိန်သည် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ် တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသော အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီး အဖွဲ့ အစည်းတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့် သူမ၏လုပ်ရပ်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။
ကေအန်ယူအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ လက်ရှိအချိန်အထိ ဥက္ကဌ(၇)ဦးရှိသွားပြီဖြစ်သည်။
ကေအန်ယူသည် အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ခုနှစ် ဖေဖော် ၀ါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ထိုအချိန်က ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်သည်။
၁၉၄၉ခုနှစ် မှ စတင်ကာ လက်ရှိအချိန်အထိ ကေအန်ယူသည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
စစ်အစိုးရအား နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်ခဲ့ခြင်းမရှိချေ။
၁၉၉၅ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ)သည် ကေအန်ယူ အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
၂၀၀၄ ခုနှစ်တွင်လည်း ကေအန်ယူ ဥက္ကဌ စောဘိုမြသည် ဗိုလ်ချုပ်ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက ကေအန်ယူမှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ ကေအန်ယူ တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ခွဲထွက်အဖွဲ့ကိုကေအန်ယူ/ ကေအန်လယ်အေ ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ ကေအန်ယူအဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကေအန်ယူမှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများ ပြားလာကာ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ် ၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားခဲ့သည်။
မန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ကေအန်ယူအား ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင်ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း သိရသည်။
Saturday, October 18, 2008

သြစတြေးလျားနိုင်ငံ ၄ကြိမ်မြောက်ကရင့်လူငယ်နှီးနှောဖလှယ်ပွဲအတွက် ရန်ပုံငွေဈေးရောင်းပွဲ(ဆစ်ဒနီ)

သြစတြေးလျားနိုင်ငံရောက် ကရင်လူငယ်များအတွက် နှီးနှောဖလှယ်ပွဲရန်ပုံငွေရရှိရန် အကြီုရန်ပုံငွေ ဈေးရောင်းပွဲကို ဆစ်ဒနီမြို့ တွင် လွန်ခဲ့သည့် အောက်တိုဘာလ ၁၁ရက်နေ့ က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါရန်ပုံငွေပွဲမှ ရရှိလာမည့် အကျိုးအမြတ်များကို လာမည့် ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့ မှ ၂၁ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် လူငယ်စီမီနာပွဲအတွက် အသုံးချသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

ကေအန်ယူကွန်ဂရက်မှ အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်


NEJ/ ၁၈ အောက်တိုဘာ ၂၀၀၈။ ။

အောက်တိုဘာလ (၆) ရက်မှ (၁၈) ရက်နေ့ထိ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်တင်မြှောက်ခဲ့သော်လည်း မူဝါဒရေးရာ အပြောင်းအလဲမရှိဟု သတင်းရသည်။

(၁၄) ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
-စောတာမလာဘော———–ဥက္ကဌ
-ပဒိုဒေးဗစ်သာကပေါ်——–ဒုဥက္ကဌ
-နော်စီဖိုးရာစိန် ————- အထွေထွေအတွင်းရေးမှူး
-စောလှငွေ—————- တွဲဘက်အတွင်းရေးမှုး (၁)
-စောဒေါလေမှူး————- တွဲဘက်အတွင်းရေးမှုး (၂)
-ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး
-ပဒိုဒေးဗစ်ထော
-စောရောဂျာခင်
-ပဒိုအားတိုး
-ပဒိုဟေးဆာ
-ပဒိုလားစေး တို့ဖြစ်သည်။

အလုပ်အမူဆောင်အဖွဲ့ဝင်တဦးကို ခေတ်ပြိုင်က မေးမြန်းရာ

“ဒီညီလာခံမှာမူဝါဒရေးရာအရဘာမှအပြောင်းအလဲမရှိဘူး ညီလာခံကချမှတ်ထားတဲ့ကေအင်ယူ ရဲ့မူအတိုင်းဘဲ ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်တယ်”ဟု ခေတ်ပြိုင်သို့ပြောသည်။ (၁၃) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်တွင် ကေအန်ယူအနေနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှာဖြစ်သည်ဟု ဖော်ပြခဲ့သည်။
Thursday, October 16, 2008

ကေအဲန်ယူနှင့် ဒီကေဘီအေ တိုက်ပွဲဖြစ် ၂ ဦးသေဆုံး

ခွန်အောင်မြတ်။
အောက်တိုဘာ ၁၅ ရက်၊ ၂၀၀၈ ခုနှစ်။

ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်ဖွဲ့နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီ အေ) တို့ ယနေ့နံနက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဖက်မှ နှစ်ဦး သေဆုံးခဲ့ပြီး ကေအဲန်ယူ တပ်သားတဦး အဖမ်းခံခဲ့ရသည်ဟု ကေအဲန်ယူက ပြောသည်။

(KNU) လက်အောက်ခံတပ် တပ်မဟာ ၆ တပ်ရင်း ၂၀၁ နှင့် (DKBA) တပ်ရင်း ၉၀၇ အကြား တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ KNU တပ်စခန်းကို DKBA က ယနေ့ နံနက် ၆ နာရီ အချိန်တွင် စတင် ၀င်ရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်ရင်း ၂၀၁ ၏ ဒု-တပ်ရင်းမှူး က ပြောသည်။

“မနက်ခြောက်နာရီ အချိန်မှာ DKBA က ဖောဖိုးခီးရွာကို ၀င်ပစ်တယ်။ ၀င်ပစ်တော့ ကျနော် တို့ KNU ဘက်က နည်းနည်းခုခံတယ်ပေါ့နော်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်တဲ့ တူတယ်။ ကျနော်တို့ထဲမှာ တော့ တယောက် ဈေးဝယ်ရင်းနဲ့ ဖမ်းခံထိသွားတယ်။ အဖမ်းခံရတယ် တယောက် စောမူခီး လို့ခေါ် တယ်။ ”

ထိုသို့ဖြစ်ပြီးနောက်ပိုင်း နံနက် ၁၀ နာရီတွင် KNU က DKBA တပ်ရင်း ၉၀၇ ရှိ တာပလားသို တပ်စခန်းကို ပြန် လည် တိုက်ခိုက်ခဲ့သည်ဟု ၎င်းကပင် ဆက်ပြောသည်။

“တဆက်ထဲမှာပဲ ဒီရက် ဆယ်နာရီအချိန်မှာပေါ့နော် ကျနော်တို့ KNLA ဘက်က ပလားသို ကို စနက် ပါနဲ့ ၀င်ပစ်တာ နှစ်ယောက်ထိသွားတယ်။ အခုမနက်ပဲ ခြောက်နာရီက ဖောဖိုးခီးမှာ ၁၀ နာရီ ဒီ ပလားသိုမှာ။ ကျနော်တို့ကနေပဲ စနိုက်ပါနဲ့ပဲ ပစ်တာပေါ့။ ”

ယနေ့တိုက်ပွဲသည် တနင်္ဂနွေနေ့က ကေအဲန်ယူ တပ်မဟာ ၆ ရှိ ဗိုလ်မှူးကြီး နယ်ဒါးမြ၏ နေအိမ်ကို မီးရှို့ပြီး မြေမြုပ်မိုင်းများ ထောင်ထားခဲ့ပြီး နောက်ပိုင်း ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၂၀၁ ဒု-တပ်ရင်းမှူးက ပြော သည်။

“နယ်ဒါးမြ အိမ်ကို မီးရှို့သွားပြီး မိုင်း ၆ လုံး ထောင်ထားခဲ့တယ်။ လေးလုံးရှင်းနေပြီးပြီခင်ဗျ။ လေးလုံး ရှင်းရတယ်။ နှစ်လုံးကတော့ အရပ်သားတယောက်ရယ်၊ ထိုင်းစစ်သားတယောက် နင်းမိတယ်။ ဘယ် နှစ်လုံးကျန်သေးတယ်လို့တော့ မသိရဘူး။ ဘယ်သူ့မှသွားပြီး အဲဒီနား တ၀ှိုက်ကို သွားပြီး မကပ်ရဲကြ ဘူးပေါ့။”

နေအိမ်မီးလောင်သွားသော်လည်း တစုံတယောက်မျှ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ယင်းဒေသတွင် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ တိုးချဲ့ ချထားသည်ဟု ထိုင်းအာဏာပိုင်နှင့် နီးစပ်သူ က ပြောသည်။

KNU အား ထပ်မံ ထိုးစစ်ဆင်ရန် မြန်မာစစ်တပ်နှင့် DKBA တို့ ပူးပေါင်းပြီး တပ်အင်အား များထပ်မံ တိုးချဲ့ထား သဖြင့် KNU ဘက်မှလည်း အဆင့်သင့် အနေအထား ပြင်ဆင်ထားသည်ဟု ပြောသည်။
Thursday, October 9, 2008

ချစ်တဲ့ကော်သူးလေ အိုင်ချင်းကဗျာ



ချစ်တဲ့ကော်သူးလေ
ဖားစည်သံလွင်ဟီး၊ကရင်ကြီးတို့ ရေ....။
မမေ့ကြနဲ့ လေ
အလေးပြုကြလေ
တို့ ရေတို့ မြေတွေမှာ
သာတူညီမျှနေထိုင်ရေး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး
ဒီအခွင့်ရေးတွေအတွက်
အသက်ပေးလှူခဲ့ကြ
ကျဆုံးနောင်တော်ရဲဘော်အများ
ကျေးဇူးတရားကို
မေ့မထားကြနဲ့ လေ။

သတိတရားချဲ့ ကြလေ
အတ်တကိုဖဲ့ခြွေလေ
တို့ တွေခံစား
လက်တလုံးခြားသင်ခန်းစာစုစု
ပြက်ရယ်ပြုလှောင်ပြောင်နေ
ပဒေသရာဇ်စနစ်ဆိုး
နယ်မြေစိုးမိုးရေးလုပ်
တို့ ကိုမျိုးဖြုတ်သုတ်သင်မတဲ့လေ။

လေယူရာတိမ်း၊မယိမ်းနဲ့ လေ
ခိုင်မြဲနေပစေ
ကော်သူးလေတို့ တတွေ
မြေဇာပင်ပဲဖြစ်ဖြစ်
ပဒေသာပင်ပဲနှိုင်းနှိုင်း
အတိုင်းအဆမျှခံစို့ လေ
တို့ သမီးလေးတွေ
တို့ သားလေးတွေ
ခြေတူမှန်းပေ့လူတန်းစေ့ရေး
ပေးဆပ်ခဲ့ကြလေ။

ညီရင်းကိုတို့ တတွေ
တာဝန်တွေနားလည်စေ
ကဘာမြေမပြုန်းသရွေ့ 
ဆုံးတနေ့ ရောက်ရမလေ
ဟိုမှာလေ...တို့ ချစ်တဲ့မြေ
ကော်သူးလေတဲ့လေ
လာကြလေမျိုးချစ်များမို့ 
ညီညာညာလက်ချင်းဆက်ဖို့ 
အားတက်သရော
ခါးဖက်ပြောလိုက်ချင်တယ်လေး။ ။
လကာၤဒီပ
Tuesday, October 7, 2008

မယ်ပလောခီးသူကြီးအိမ်ကိုလက်နက်ကြီးများဖြင့်ပစ်

NEJ/ ၆ အောက်တိုဘာ ၂၀၀၈။ ။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ) တပ်ရင်း (၉၀၇) နှင့် (၉၀၆) မှ ဗိုလ်ဒီးကီနှင့် ဗိုလ်ဘာလ နာ ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၄၀) ခန့်သည် ပြီးခဲ့သည့် သောကြာနေ့ ညနေ (၅) နာရီအချိန်ခန့်က ထိုင်းဘက်ခြမ်းရှိ မယ်ပလောခီးရွာသို့ ၀င်ရောက်ကာ အကြမ်းဖက် လုယက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် မယ်ပလောခီးကျေးရွာအပါအ၀င် နယ်စပ်မျဉ်းတလျှောက်တွင် ဒေသအခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာကွပ်ကဲရေးတပ်မှ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ချထားလိုက်သည်။

သောကြာနေ့က ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) ၏ ဒု-ရင်းမှူး ဗိုလ်ကြီးဘူးဖောက “အဲ့ဒီနေ့ညနေ (၅) နာရီမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရွာထဲဝင်လာတယ်။ ရွာသားတဦး ပိုင်တဲ့ကားကိုလာယူပြီး အဲ့ဒီအိမ်မှာတည်းနေတဲ့ ပြောင်းခင်းလုပ်သားတယောက်ကို လည်း ပစ်သတ်သွားတယ်။ ထိုင်းကျေးရွာသူကြီးကို ဖမ်းဖို့လုပ်တော့ သူကြီးက ထွက်ပြေးသွားတယ်။ သူကြီးအိမ်ကို M(79) နဲ့ နှစ်ချက်ပစ်ပြီး ဈေးဆိုင်ဖွင့်ထားတဲ့ သူကြီးအိမ်က ပစ္စည်းတွေကို ယူသွားတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

“အဓိကကတော့ ဒီကေဘီအေ နယ်ကလူတွေဟာ သူတို့လက်အောက်မှာ လုပ်ကိုင်စားသောက်ရတာ အခွန်အကောက် များတော့ ထိုင်းဘက်ခြမ်းမှာပဲ လာရောက်ရှာဖွေလုပ်စားကြတယ်။ အဲ့ဒါကို ဒီကေဘီအေက ရွာသားတွေကို ပြန်ခိုင်း တယ်။ သူတို့ဆီမှာ အလုပ် လုပ်မယ့်လူ မရှိဘူး။ ရွာသားတွေ ပြန်လာဖို့အတွက် သူတို့အကြမ်းဖက်တဲ့နည်းကို သုံးပြီး ပြန်ခေါ်တာ ဖြစ်တယ်။ အခုလက်ရှိ အခြေအနေအရ မြန်မာဘက်ခြမ်းမှာ ဒီကေဘီအေ တပ်ရင်း (၉၀၇)၊ (၉၀၆)နဲ့ မြန်မာစစ်တပ် ခမရ (၄၁၀)၊ (၄၀၇) တို့ ဒေသတွင်းရွာတွေဖြစ်တဲ့၊ ဘာလတို၊ ကော်စော့၊ ကလဝေါ်၊ ဘီလားလေ့၊ တာဒိုကီမှာ ပူးတွဲပြီး တပ်စွဲ ထားတယ်။ ဒီကေဘီအေက ဘီလားလေ့ ရွာရဲ့ကျောက်တောင်မှာ စေတီတည်ဖို့ လုပ်နေ ကြတယ်။ ဒီလ တရက်၊ နှစ်ရက်၊ သုံးရက်တွေမှာ သူတို့နဲ့ကျနော်တို့ ကြိုကြား ပစ်ခတ်မှုတွေတော့ရှိတယ်။ တိုက်ပွဲကြီး တွေတော့ တခါမှမဖြစ်သေးဘူး။ ကျတော်တို့ နယ်မြေကို သူတို့က နယ်မြေစိုးမိုးရေးလုပ်ဖို့ ကြိုးစားနေတယ်။ ကျနော် တို့ဒေသမှာ ကာလဝေါ်မိုင်းရှိတယ်။ အဲ့ဒီမိုင်းနဲ့ အခြားလုပ်ငန်းတွေကနေ အခွန်အကောက်တွေ ရဖို့အတွက် သူတို့ ကြိုးစားနေတာ ဖြစ်တယ်” ဟု ပြောသည်။

ခေတ်ပြိုင်က စုံစမ်းချက်အရ ဒီကေဘီအေက အဆိုပါ လမ်းကြောင်းကို အသုံးပြုပြီး ဘန်ကောက်တွင် အလုပ်သွား လုပ်မည့် သူများကို ခိုးပို့ရန် စီစဉ်နေသည်ဟု သိရသည်။ ကေအန်ယူနယ်ကနေ တောလမ်းဖြတ်ပြီး ခြေလျင်သွား မည်ဆိုလျှင် ကန်ဖဲ ခရိုင်ကို နှစ်ရက်ဖြင့် ခရီးပေါက်သည်။ လူမှောင်ခို ပို့သည့်အလုပ်ကို လက်ရှိမှာလည်း အဆိုပါ လမ်းကြောသုံးပြီး ဒီကေဘီ အေက လုပ်ကိုင်နေသည်ဟု ဗိုလ်ကြီးဘူးဖောက ပြောသည်။

၎င်းက “နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး စစ်ဆင်လာရင်တော့ ကျနော်တို့ဘက်က ပြန်ပြီးတော့ ခုခံစစ်ဆင်နွှဲဖို့ အရန် သင့်ပဲ။ အဓိကကတော့ ခံစစ်ရှင် ပြောက်ကျားနည်းနဲ့ တိုက်ထုတ်သွားမှာဖြစ်တယ်” ဟု ပြောသည်။

မယ်ပလောခီးရွာသို့ ဒီကေဘီအေ တပ်ဖွဲ့ ၀င်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ အုန်းဖန်နှင့် မဲဆောက် ကားလိုင်းပြေးဆွဲနေ သည့် ယဉ်မောင်းတဦးဖြစ်သူ နိုင်နိယုံးက “ဒီကေဘီအေတွေ ရွာထဲဝင်တဲ့နေ့က ကျနော် အဲ့ဒီရွာအနားက ကားလမ်းဘေး မှာရှိတယ်။ သူကြီးအိမ်ကို လက်နက်ကြီးနဲ့ပစ်ပြီး ပစ္စည်းတွေ ယူသွားတယ်လို့ ပြောတယ်။ ဒီရွာသားတွေက အရင် ကတည်းကနေ ဒီကေဘီအေနဲ့ တွဲပြီး အရောင်းအ၀ယ်တွေ လုပ်နေကြတယ်။ ငွေကြေးအရှုပ်အရှင်းကိစ္စတွေလည်း အများကြီး ရှိတယ်လို့ သိရတယ်။ ဒါကြောင့် ဒီကေဘီအေက အခုလို ပြဿနာလာရှာတာဖြစ်တယ်။ ဒီနေ့တော့ မယ်ပလောခီးရွာမှာ အေးအေးဆေးဆေး ဖြစ်သွားပြီ။ ရွာထဲမှာ ထိုင်းစစ်တပ်တွေလည်း အများကြီးချထားတယ်” ဟု ပြောသည်။

မယ်ပလောခီးရွာသို့ ၀င်ရောက်စီးနင်းသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အခြေအနေအမှန်ကို သိရှိရန် ဒီကေဘီအေ (၉၀၇) မှ ဗိုလ်ဘာလနာကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားသည်။ ဒီကေဘီအေ တပ်ရင်းများ၏ ဗျူဟာမှူးဖြစ်သော ဗိုလ်မှူးကြီး စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး၏ ရုံးသို့ ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ လူကြီးတယောက်မှ မရှိဘူးဟု ဆိုကာ ဖုန်းချသွားသည်။

အဆိုပါ ဒီကေဘီအေ အဖွဲ့သည် ယခုလ (၁) ရက်နေ့က မြန်မာဘက်ခြမ်းရှိ ဘာလာတိုရွာတွင် အိမ် (၄) လုံးနှင့် ပြောင်းခင်း တဲ (၂) လုံးကို မီးရှို့သွားပြီး၊ (၂) ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင်လည်း မြန်မာဘက်ခြမ်းရှိ အိမ် (၄) လုံးနှင့် ပြောင်းခင်း အချို့ကို မီးရှို့ဖျက်ဆီးသွားသည်။

အခင်းဖြစ်ပွားခဲ့သည့် မယ်ပလောခီးရွာသည် မဲဆောက်မြို့မှ ကီလိုမီတာ (၁၄၀) အကွာအဝေးအနီးတွင် တည်ရှိပြီး ရွာ အတွင်းဝင်ရောက်ရန် မဲဆောက်-အုန်းဖန် ကားလမ်းဘေး မှ (၃) ကီလိုအကွာအဝေးသို့ ၀င်ရောက်ရပြီး ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီး တည်ရှိသည့် ရွာဖြစ်သည်။ ထိုင်းဘက်ခြမ်းတွင် တာခ့်ခရိုင် အုန်းဖန်မြို့နယ် တည်ရှိပြီး မြန်မာ ဘက်ခြမ်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တည်ရှိပြီး ဒီကေဘီအေ တပ်ရင်း (၉၀၁) တပ်ရင်းမှူး စောဘလူး၊ တပ်ရင်း (၉၀၇) တပ်ရင်းမှူး ဗိုလ်ဥာဏ်မင်း၊ တပ်ရင်း (၉၀၆) တပ်ရင်းမှူး ဗိုလ်မောသို တို့၏ တပ်ရင်းများ အခြေစိုက်ပြီး ၎င်းတပ်ရင်း (၃) ရင်းကို (၁) ဗျူဟာဖွဲ့ထားပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးစောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်း မွေးဖြစ်သည်။