
ဒီအကြောင်းရေးဖို့  စိတ်ကူးရလာတာကလည်း တိုက်ဆိုင်မှုတခုကနေပါ။ ကျနော် သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ကျောင်းသွားအပ်တဲ့ရက်ကပေါ့။ သူတို့ နှစ်ယောက်စလုံးဟာ ကရင်အမျိုးသားတွေပါပဲ။ အဲဒီနေ့ က တယောက်သောသူငယ်ချင်းက ကျနော်တို့ ရထားစီးတဲ့အချိန်မှာ ပြောလိုက်တဲ့စကားတခုကြောင့် ဒီအကြောင်းကို ရေးရခြင်းဖြစ်ပါတယ်။ အဲဒီနေ့ ရထားပေါ်မှာ ဟိုအကြောင်းဒီအကြောင်းပြောကြရင်း အဲဒီသူငယ်ချင်းက သူ့ လက်ထဲက ချည်ဖြူကို ကျနော်တို့ တွေကို ပြတယ်။ ကျနော်လည်း ဘာမှန်းမသိတော့ ဘာမှတော့ ပြန်မမေးဖြစ်ပါဘူး။ အသိအမှတ်ပြုတဲ့အနေနဲ့ တော့ တချက်လေး ပြုံးပြလိုက်တယ်။ သူ့ လက်ထဲက ချည်ဖြူဆိုတာကလည်း ဒီနှစ်ကရင်လက်ချည်ပွဲမှာ ချည်ထားတဲ့ ချည်ဖြူမဟုတ်လား။ ကျနော်တို့ အတူတူပဲ သွားခဲ့ကြပါတယ်။ အဲဒါနဲ့ မပြီးသေးဘူး။ သူကဘာဆက်ပြောလဲဆိုတော့ ဒီချည်ဖြူကြောင့် ကျနော်ဘာသာရေးဆရာနဲ့  ရန်ဖြစ်ခဲ့ရပြီတဲ့။----ကျနော်လည်း အလွန်အံ့သြသွားပါတယ်။ ဘာလို့ ဒီလိုဖြစ်ရပါလိမ့်။ ကရင်လက်ချည်ပွဲဟာ ရိုးရာပွဲ၊ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ပွဲမဟုတ်လား။ သူလည်းပဲ ကျနော့လိုမျိုးပါပဲ။ ဘာသာရေးနဲ့ မဆိုင်တဲ့အကြောင်း ကျနော့ကို ဆက်ပြောသွားပါသေးတယ်။ ဒါကြောင့်ဒီအကြောင်းကို ရေးရတာပါ။
ဘာသာရေးနဲ့ မဆိုင်
တကယ်တော့ ကရင့်လက်ချည်ပွဲဟာ ကရင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ရိုးရာအစဉ်အလာတခုပါ။ ဘာသာရေးတွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။ အထောက်အထားတွေနဲ့ သက်သေပြလို့ ရပါတယ်။ ကရင့်လက်ချည်ပွဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကရင်တွေ အောက်ပြည်အောက်ရွာဆင်းပြီး ရေကြည်ရာမြက်နုရာကို ရှာဖွေတဲ့အချိန်ကတည်းက စတင်ခဲ့တယ်ဆိုတာ သမိုင်ပညာရှင်အများအပြားက သက်သေပြခဲ့ပြီးပါပြီး။ အဲဒီအချိန်က ကရင်တွေဟာ ဘယ်ဘာသာကိုမှ ယုံကြည်ကိုးကွယ်မှု မရှိသေးပါဘူး။ တကယ်တော့ ကရင့်သမိုင်းကို သေသေချာချာလေ့လာကြမယ်ဆိုရင် ဘာသာရေးနဲ့ ဆက်စပ်မှုမရှိတာကို ရှင်းရှင်းဘွင်းဘွင်း မြင်ရမှာဖြစ်ပါတယ်။ လက်ချည်ပွဲရဲ့ အနှစ်သာရဟာလည်း ရိုးရာအစဉ်အလာတခုသာဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှားမြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ လက်ချည်ပွဲမှာပါဝင်တဲ့အရာတွေ (ဥပမာ-ငှက်ပျောသီး၊ ထမင်းဆုပ်၊ ချည်ဖြူ)စတာတွေဟာ အနှစ်သာရအမျိုးမျိုးနဲ့ ဖွင့်ဆိုထားတာ ရှိပါတယ်။ ချည်ဖြူကို လက်မှာ ချည်ထားရတဲ့အကြောင်းကလည်း ကရင်အမျိုးသားအချင်းချင်း မကွဲမပြားစေရန်နဲ့  ပြန်တွေ့ ကြတဲ့အခါမှာ မိမိတို့ ဟာ ကရင်များဖြစ်ကြောင်း အမှတ်ရကြစေရန်အတွက် လက်မှာ ပတ်ထားစေတဲ့ အစဉ်အလာတခုဖြစ်ပါတယ်။
အထင်လွဲစေနိုင်တဲ့ အကြောင်းတခု
ကျနော်အထင်အရဆိုရင် ကရင့်လက်ချည်ပွဲကို ထိမ်းသိမ်းသူအများစုဟာ အများအားဖြင့်တော့ အရှေ့ ပိုးကရင်များ ဖြစ်ပါတယ်။ အရှေ့ ပိုးကရင်အများစုဟာလည်း ဗုဒဓ်ဘာသာဝင်များဖြစ်ပါတယ်။ ဒါကြောင့်လက်ချည်ပွဲအခမ်းအနားများကို ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်လေ့ရှိပါတယ်။ တခါတလေ သူတို့ ယုံကြည်လေးစားတဲ့ ဘုန်းတော်ကြီးများကိုယ်တိုင် ဦးဆောင်ကူညီတတ်ကြပါတယ်။ အဲဒီလိုမျိုးအခြေအနေမှာ ကွက်ကွက်ကွင်းကွင်းသေသေချာချာမလေ့လာမိသူများအတွက် ဘာသာရေးပွဲ၊ အရှေ့ ပိုးကရင်ပွဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ ဘုန်းကြီးကျောင်းမှာ လုပ်ရတာကလည်း လူစုလူဝေးနိုင်အောင်နဲ့  အခမ်းအနားပြုလုပ်နိုင်တဲ့နေရာတခု ရရှိဖို့ အတွက်ပါပဲ။ ဘာသာရေးနဲ့ ဆက်နွယ်ပြီးတော့ ဘုန်းကြီးကျောင်းမှာ လုပ်တာမဟုတ်ပါဘူး။ ဘုန်းတော်ကြီးတွေ ဦးဆောင်ရတာကလည်း လူအများရဲ့ ယုံကြည်လေးစားမှုကို ခံရလို့ ဦးဆောင်စေတာ ဖြစ်ပါတယ်။ နောက်တခုဆိုရင် ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ခြေက ပိုးကရင်ရွာတရွာရှိပါတယ်။ တရွာလုံးက ခရာဇ်ယာန်တွေပါ။ ဒါပေမယ့် လက်ချည်ပွဲကို နှစ်စဉ်ပြုလုပ်ခဲ့ကြတယ်။ သူတို့ ရဲ့ ဘုရားကျောင်းမှာလုပ်သလို သူတို့ ဘာသာရေးဆရာကိုယ်တိုင် ဦးဆောင်ပြီးလုပ်ပါတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့်လည်း ဘာသာရေးနဲ့ မဆိုင်တာကို သိနိုင်ပါတယ်။ ဗုဒဓ်တရားတော်ထဲမှာလည်း လက်ချည်ပွဲနဲ့ ပတ်သက်ပြီး ဟောထားတာလည်းမရှိပါဘူး။ ဗုဒဓ်ဘာသာကိုးကွယ်တဲ့ တခြားလူမျိုးတွေ အများကြီးရှိပါတယ်။ လက်ချည်တာမတွေ့ ဖူးသေးပါဘူး။
ကရင်တိုင်းကိုယ့်သမိုင်းကို လေ့လာရန်လို
ကျနော်နောက်ဆုံးပြောချင်တာက အားလုံးသောကရင်အမျိုးသားများ ကိုယ့်သမိုင်းကို သေသေချာချာလေ့လာကြပါ။ နောက်တခုကလည်း ကရင်တွေဟာ နေရာဒေသ၊ ယုံကြည်မှု၊ အယူအဆအမျိုးမျိုးကွဲပြားမှုတွေ ရှိခဲ့ကြတယ်။ ဒီလက်ချည်ပွဲတခုကို အမြင်ချင်းမတူကြရင်လည်း များပြားနေပြီဖြစ်တဲ့ အယူအဆရေးရာတွေထဲကို တခုထပ်ထည့်ပေါင်းလိုက်သလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ချည်ပွဲကြောင့် အမြင်ချင်းကွဲပြားပြီး အက်ကြောင်းကြီးတခု ဖြစ်မလာစေချင်ပါဘူး။ ကရင်တမျိုးသားလုံး အားလုံးနားလည်သဘောပေါက်စေချင်တဲ့စေတနာနဲ့ ကိုယ့်ရဲ့လေ့လာမှုလေးတွေနဲ့ အတူ ဒီဆောင်ပါးလေးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။
ဒီဆောင်းပါးက ကိုယ့်ရဲ့ ထင်မြင်ချက်ကို ရေးထားပါတယ်။ ကရင့်လက်ချည်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တယ်ဆိုရင်လည်း နွေးထွေးစွာ ကြိုဆိုနေပါတယ်။
အဲခေါင်သောင့်
Type your summary here.
Type the rest of your post here.