Tuesday, November 18, 2008

ကရင်အမျိုးသားများနှင့် ငြိမ်းချမ်းရေးပြဿနာ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း၌ ရာစုနှစ်ပေါင်း များစွာက အခြေချနေထိုင် လာခဲ့ကြသော ကရင်အမျိုးသားများသည် မိမိတို့ ဘာသာဘာဝအလျောက် ဘာသိဘာသာနှင့် အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်ကာ နေထိုင်ခြင်း ပြုခဲ့ကြသော တိုင်းရင်းသား လူမျိုးစုကြီးတစု ဖြစ်လေသည်။

မြန်မာနိုင်ငံတော်၏ သမိုင်းဖြစ်ပေါ်တိုးတက်မှုကို လေ့လာသောအခါ အခြားသော တိုင်းရင်းသား လူမျိုးစုများ ဖြစ်ကြသည့် မွန်၊ မြန်မာ၊ ရခိုင်နှင့် ရှမ်းတို့ အချင်းချင်း၏ ပဋိပက္ခများနှင့် စစ်ပွဲများကိုသာ အများဆုံး တွေ့ရှိရလျှက် ကရင်လူမျိုးစုများနှင့် ပတ်သက်သော ပဋိပက္ခနှင့် စစ်ပွဲများကို မတွေ့ရှိရသလောက်သာလျှင် ဖြစ်ပေသည်။

ပုဂံခေတ် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခြင်း ပြုကြသော အချိန်ကာလ ပေါ်ပေါက်ခဲ့သော လူမျိုးရေးဆိုင်ရာ ပဋိပက္ခနှင့် စစ်ပွဲများကို လေ့လာသောအခါ မွန်မြန်မာနှင့် ရှမ်းမြန်မာတို့၏ အရေးအခင်းများသာ ဖြစ်သကဲ့သို့ တောင်ငူ၊ ညောင်ရမ်းခေတ် ဒုတိယ မြန်မာနိုင်ငံတော်ကို မထူထောင်နိုင်မီ ကြားကာလ သမိုင်းသည်လည်း ရှမ်းမြန်မာနှင့် မွန်ရှမ်းတို့၏ အရေးအခင်းများသာ ဖြစ်သည်ကိုတွေ့ရှိရသည်။

တောင်ငူ ညောင်ရမ်းခေတ်သည်လည်း ရှမ်းမြန်မာနှင့် မွန်မြန်မာတို့ အရေးအခင်းသာလျှင် လွှမ်းမိုးများပြားလျှက် နောက်ဆုံး ကုန်းဘောင်ခေတ် တတိယ မြန်မာနိုင်ငံတော်သည်ကား မွန်မြန်မာနှင့် ရခိုင်မြန်မာတို့၏ အရေးအခင်းများသာဖြစ်ကြောင်း တွေ့ရှိရ လေသည်။
ယင်းသို့ မြန်မာနိုင်ငံတော်၏ သမိုင်းတိုးတက် ဖြစ်ပေါ်မှု တလျှောက်လုံး အခြားမည်သည့် တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခသော်လည်းကောင်း၊ စစ်မက်သော်လည်းကောင်း ဖြစ်ပွားခြင်းမရှိဘဲ မိမိတို့၌ ရှိသမျှ ကလေးနှင့် ရောင့်ရဲတင်းတိမ်ကာ အေးအေးချမ်းချမ်း နေထိုင်လာခဲ့ကြသော ယင်းလူမျိုးများသည် ကျွန်ဘ၀မှ ဤတိုင်းပြည်၏ လွတ်လပ်ရေးကို ပြန်လည် ကြေငြာခြင်း ပြုခဲ့သည့် အချိန်မှစ၍ အဘယ့်ကြောင့် မငြိမ်မသက်ဖြစ်ကာ အပြင်းအထန်ဆုံး နှိမ်နင်းခြင်းကို ခံနေရသနည်း။

လွတ်လပ်ရေး ကြေငြာပြီးကာစက တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ကြစဉ်ကလည်း “တချက်ထိုးလျှင် နှစ်ချက်ပြန်ထိုးမည်” ဟု ခြိမ်းခြောက်ခြင်း ခံခဲ့ရပြီးလျှင် နောက်ပိုင်းတွင်မူကား “ကရိုင်း” များဟူ၍ လည်းကောင်း၊ “ကရင်ဆိုး” များဟူ၍ပင် လည်းကောင်း၊ အမျိုးမျိုး အဖုံဖုံ ချိုးဖဲ့ ပြောဆိုခြင်းကို ခံခဲ့ကြရသည်။ ခံနေကြရတုံးလည်း ဖြစ်သည်။

ကရင်အမျိုးသားများသည် ဤတိုင်းပြည်လွတ်လပ်ရေး ကြေငြာသောအခါ ဤတိုင်းပြည်၌ ရာစုနှစ်ပေါင်းများစွာက နေထိုင်လာခဲ့သော တိုင်းရင်းသား လူမျိုးစုကြီး အနေနှင့် ၎င်းတို့လည်း ရသင့်ရထိုက်သော အခွင့်အရေးကို “ဒီမိုကရေစီ စည်းဝိုင်းကြီးအတွင်း၌ နေထိုင်ကာ ဒီမိုကရေစီကျကျ တောင်းဆိုခဲ့ကြ” သည်။ တရားသဖြင့် မဟုတ်သော ကိစ္စကိုလည်း ဘာတစ်ခုမှ ငန်းငန်းတက် မတောင်းဆိုခဲ့ကြချေ။

တိုးတက်ယဉ်ကျေးသော လူမျိုးများပီပီ မိမိတို့၏ကြမ္မာ မိမိတို့ဘာသာပြဋ္ဌာန်းခွင့်နှင့် အခြားတိုင်းရင်းသားများ နည်းတူ တန်းတူ အခွင့်အရေးပေးဘို့သာ တောင်းဆိုခြင်းပြုခဲ့ကြသည်။ သို့ရာတွင် ဤပြည်ထောင်စု တိုင်းရင်းသားများ၏ တရားသဖြင့်နှင့် ဒီမိုကရေစီကျကျ တောင်းဆိုချက်ကို ထိုအချိန်က အာဏာပိုင်များသည် မခန့်မငြား သဘောထားကာ မထိတရိ ပြုလုပ်နေခဲ့သည်။
၎င်းတို့၏ တောင်းဆိုချက်ကို မမေးရုံမျှ သာမက မထိတရိနှင့် မခန့်မငြား ပြုလုပ်ခြင်း ခံလာရသောအခါတွင် ကရင် အမျိုးသားများသည် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ မယုံမကြည်နှင့် မငြိမ်မသက် ဖြစ်လာကြသည်။

ယင်းသို့ ဖြစ်ပွားလာသော ကရင်အမျိုးသားများ၏ လှုပ်ရှားမှုနှင့် စိုးရိမ်မှုတို့ကို ပြေလည်သွားအောင် မှန်မှန်ကန်ကန်နှင့် အရေးတယူ ဖြေရှင်းပေးရမည့်အစား “တလွဲဆံပင်ကောင်း နေခဲ့ ကြသည်။” ဤနည်းဖြင့် ကရင်အမျိုးသားတို့၏ လက်နက်ကိုင် စစ်ပွဲကြီး ပေါက်ကွဲ ထွက်လာခဲ့ရသည်။

ယင်းသို့ ပြည်ထောင်စု အစိုးရနှင့် ကရင်အမျိုးသား လက်နက်ကိုင် နိုင်ငံရေး အင်အားစုများ ဖြစ်ပွား လာခဲ့ကြသော လက်နက်ကိုင် ပဋိပက္ခသည် ယခုအခါတွင် ၁၃-နှစ်မျှပင် ကျော်လွန်ကာ ၁၄-နှစ်အတွင်းသို့ ချင်းနင်း ၀င်ရောက်လာခဲ့ လေပြီ။ သို့ရာတွင် ထိုလက်နက်ကိုင် ပဋိပက္ခသည် ပြေလည် ပြီးငြိမ်းခြင်း မရှိသေးချေ။ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက် ရှိနေတုံးသာ ဖြစ်သည်။

ထို့ကြောင့် “ဖက်ဆစ်နှင့် ဒီမိုကရေစီ ဘယ်သင်းရွေးမလဲ” ဟူ၍ မဲခေါ်ကာ တက်လာခဲ့သော ပထစအစိုးရသည် ၁၃-နှစ်ကျော်ကျော် ၁၄-နှစ်ခန့်မျှ ကရင်အမျိုးသားများ အပေါ်၌ စစ်ပြုနေသော မိမိတို့၏ လုပ်ငန်းကို ပြန်လည်စဉ်းစား သင့်လှပြီဟု တင်ပြလိုသည်။

မြန်မာနိုင်ငံတော်၏ သမိုင်းတလျှောက်လုံး မည်သည့် တိုင်းရင်းသား လူမျိုးစုများနှင့်မှ ပဋိပက္ခ သော်လည်းကောင်း၊ စစ်မက် သော်လည်းကောင်း ဖြစ်ပွားခဲ့ခြင်း မရှိခဲ့သော ကရင်အမျိုးသားများ၏ ပြဿနာကို စစ်ပြု၍ ဖြေရှင်းနေခြင်းသည် ပြည်ထောင်စုကြီး တရပ်လုံး၏ အရေးအနေနှင့် သော်လည်းကောင်း မှန်ကန်သည် သို့မဟုတ် မှားယွင်းသည် ဆိုသောအချက်ကို လေးလေးနက်နက် စစ်ဆေးတွက်ချက်ဘို့လည်း လိုအပ်လှပြီဟု ထင်ပေသည်။

သမိုင်းတလျှောက်လုံး မိမိတို့၌ ရှိတတ်သမျှ ကလေးနှင့် အေးအေးချမ်းချမ်း နေထိုင်ခြင်း ပြုလာခဲ့သော ထိုတိုင်းရင်းသား လူမျိုးစုများ၏ အရေးကို အဘယ့်အတွက် ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်း၍ မရနိုင်ရမည်နည်း။

ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ကရင်အမျိုးသားများ အပေါ်၌ ၁၃-နှစ်ကျော်မျှ ကျင့်သုံး၍ အောင်မြင်ခြင်းလည်း မရသော “လက်နက်အားကိုး ၀ါဒ” ကို အမြန်ဆုံး ရပ်စဲကာ ကရင်အမျိုးသားများ၏ ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းခြင်း ပြုနိုင်ရန်အတွက် ကရင်အမျိုးသား အကြီးအကဲများ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းတွင်ထိုင်ကာ ပွင့်ပွင့်လင်းလင်းနှင့် ရင်းရင်းနှီးနှီး ဖြေရှင်းသင့်လှပြီ ထင်ပေသတည်း။
ဗန်းမော်တင်အောင်
(၁၉၆၂ -ခု ဖေဖော်ဝါရီလထုတ် ကရင့်ရှေ့ဆောင်ဂျာနယ်မှ ဆောင်းပါးကို ထည့်သွင်းဖော်ပြအပ်ပါသည်။)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments: